မက္ကဆီကန် ချန်ပီယံရှစ် ကွာတာ ဖိုင်နယ်ပွဲမှာ ပြိုင်ဘက်နှစ်သင်း ပရိသတ်တွေ ပွဲအပြီးမှာ ရန်ပွဲဖြစ်ခဲ့ပြီး အခြေအနေကို ၀င်ထိန်းသိမ်းပေးတဲ့ ရဲအယောက် ၂၀ ဒဏ်ရာရသွားပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့က ပွဲမှာ အက်တလက်စ် အသင်းနဲ့ မွန်တာရေး အသင်းတို့ ယှဉ်ပြိုင်တို့ ကစားကြပြီး မွန်တာရေးအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် အက်တလက်စ်အသင်း ပရိသတ်တွေက စတင်တိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
မွန်တာရေး အသင်းဟာ အိမ်ကွင်းမှာတုန်းက ၁ ဂိုး၊ ဂိုးမရှိနဲ့ ရှုံးခဲ့ပေမယ့် အဝေးကွင်းမှာ မမျှော်လင့်ဘဲ ၂ ဂိုး၊ ဂိုးမရှိနဲ့ ပြန်အနိုင်ရလိုက်တာကြောင့် ရှုံးတဲ့ဘက်က ပရိသတ်တွေက စတင်တိုက်ခိုက်ကြတာဖြစ်ပါတယ်။
ရုပ်မြင်သံကြားသတင်းတွေမှာတော့ ပရိသတ်တွေ အုံနဲ့ ကျင်းနဲ့ ဘောလုံးကွင်းအပြင်ဘက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေပုံကို တွေ့ရပါတယ်။ အက်တလက်စ် အသင်း ပရိသတ် ၃ ယောက်လည်း အဖမ်းခံတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဘောလုံးပွဲမှာ ဈေးရောင်းသူတယောက်က အက်တလက်စ်အသင်း ပရိသတ်တွေဟာ ရဲတွေကို ရန်စခဲ့ပြီး ရဲအင်အားနည်းတဲ့အတွက် ရုပ်ပျက်ရှင်းပျက် ဖြစ်ခဲ့တယ်လို့ ပြောပြပါတယ်။
ဒီနှစ်အစောပိုင်းတုန်းကလည်း အက်တလက်စ် အသင်း ပရိသတ်တွေ ဂွာဒါလာဂျာရာမြို့ ဘောလုံးကွင်းထဲမှာပဲ ရန်ပွဲဖြစ်ခဲ့ဖူးပါတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့က အဖြစ်အပျက်မှာ အရပ်သား ၃ ယောက်လည်း ဒဏ်ရာရသွားတယ်လို့ သတင်းတွေက ဆိုပါတယ်။