
တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ပြည်နယ်နဲ့ ဗီယက်နမ်နိုင်ငံကို ချိတ်ဆက်ထားတဲ့ ပထမဆုံး နိုင်ငံတကာ ရထားလမ်းကို ဒီဇင်ဘာလ ၈ ရက်နေ့ မနက်မှာ စတင်ပြေးဆွဲတော့မှာပါ။
ယူနန်ပြည်နယ် မန်ကျိမြို့နယ်ကနေ ဗီယက်နမ်တရုတ်နယ်စပ်မြို့ ဟူခိုကို ချိတ်ဆက်ထားတဲ့ ရထားလမ်းဟာ ၁၄၁ ကီလိုမီတာ ရှည်ပြီး ယူနန်မြို့တော် ခွေ့မိန်ကနေ ဟူခိုကို အရင်က ပြေးဆွဲတဲ့အချိန်ထက် ၅ နာရီခွဲ ပိုအချိန်ကုန်သက်သာစေမယ့် ပိုတိုတဲ့လမ်းလည်း ဖြစ်ပါတယ်။
အရင်ကတော့ ဒီခရီးကို ၁၈ နာရီကြာအောင် ရထားစီးရတာပါ။ ဒီရထားလမ်းဟာ အရင်က ကုန်စည်သယ်ပို့နိုင်တဲ့ စွမ်းရည်ထက် ၇ ဆ တိုးစေမယ်လို့ မျှော်လင့်ထားပါတယ်။
ခရီးသည်တင်ရထားတွေကိုတော့ ဒီဇင်ဘာ လလယ်မှာ စတင် ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ ဒီရထားလမ်းဟာ ပန်အာရှ ရထားလမ်းကွန်ရက်ရဲ့အရှေ့ဘက်လမ်းကြော အစိတ်အပိုင်းပါ။ အလယ်ပိုင်းနဲ့ အနောက်ပိုင်း နိုင်ငံတကာ ရထားလမ်းကြောတွေလည်း ဒီစီမံကိန်းထဲမှာ ပါရှိပါတယ်။
ယူနန်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင်အရာရှိ ကျိုးရှင်းမင်ကတော့ “ယူနန်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေကြား ကုန်သွယ်ရေးနဲ့ စီးပွားရေးဖလှယ်မှုတွေ တိုးမြှင့်မယ့် ဒီရထားလမ်းဟာ အရေးကြီးတယ်။ ခွေ့မိန် ဟူခိုစီးပွားရေးခါးပတ် တိုးတက်ရေးကို အခြေခံ ထောက်ပံ့မှုတွေ ပေးလိမ့်မယ်”လို့ ပြောပါတယ်။
ပန်အာရှ ရထားလမ်းကွန်ရက်ဟာ ယူနန်မြို့တော် ခွေ့မိန်မှာ စပြီး တရုတ်နိုင်ငံအတွင်း ယုရှိ မန်ကျိ ဟူခိုမြို့တွေကို ဖြတ်ပြီး ဗီယက်နမ်၊ လာအို၊ ထိုင်းနဲ့ စင်ကာပူတို့ကို ဆက်သွယ်ဖို့ ပုံစံထုတ်ထားပါတယ်။