ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ၀င်ငွေ ကန်ဒေါ်လာ ၁ ဘီလျံကျော်ရမည်

3.4K
မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းကရတဲ့ နိုင်ငံခြားဝင်ငွေဟာ ၂၀၁၄ နှစ်ကုန်မှာ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်ရနိုင်မယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာကို ကိုးကားပြီး ဒီကနေ့ ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသွားဧည့်သည် ၀င်ရောက်မှုတိုးလာတာနဲ့အမျှ ခရီသွားလုပ်ငန်းက ရတဲ့ဝင်ငွေဟာလည်း တိုးလာတဲ့အကြောင်း ၂၀၁၀ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၅၄ သန်း၊ ၂၀၁၂ မှာ အမေရိကန် ဒေါ်လာ ၅၃၄ သန်းရှိခဲ့ရာက ၂၀၁၃ မှာ ဒေါ်လာ ၉၂၆ သန်း၊ ၂၀၁၄ အောက်တိုဘာထိ ၉၀၅ သန်းရထားပြီး ခုနှစ်ကုန်ရင် ဒေါ်လာသန်း ၁၀၀၀ ကျော်ဝင်မယ်လို့ ခန့်မှန်းထားတာပါ။
ဒါဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလ ၂၀၀၄ ခုနှစ်က ၀င်ခဲ့တဲ့ ဒေါ်လာ ၁၇၁ သန်းထက် ၀င်ငွေ ၅ ဆကျော် တိုးလာတာလည်း ဖြစ်ပါတယ်။
နိုင်ငံခြားသားခရီးသည် ၀င်ရောက်မှုကတော့ ၂၀၁၂ ခုမှာ ၁ ဒသမ ၀၆ သန်းကျော်၊ ၂၀၁၃ ခုမှာ ၂ ဒသမ ၀၄ သန်းကျော်၊ ၂၀၁၄ အောက်တိုဘာထိ ၂ ဒသမ ၄၁ သန်းကျော်နဲ့ နှစ်ကုန်ရင် ဧည့်သည် ၃ သန်းထိ ၀င်နိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။
အခုလို နိုင်ငံခြားသား ၀င်ရောက်မှုတွေ တိုးလာနေပေမယ့် ဧည့်သည် ၃ သန်းလောက်အတွက် လက်ရှိ မြန်မာနိုင်ငံမှာ ဟိုတယ် အလုံးပေါင်း ၁၀၇၆ လုံးနဲ့ အခန်းပေါင်း ၄၂၀၀၀ ကျော် ပဲရှိနေတာဖြစ်ပါတယ်။
ဒါ့ပြင် မြန်မာ့ခရီးသွားလုပ်ငန်းမှာ ၀န်ဆောင်မှုပေးနေတဲ့ ဘာသာစကားအလိုက် ဧည့်လမ်းညွန်နဲ့ ဒေသဆိုင်ရာ ဧည့်လမ်းညွန်စုစုပေါင်း က ၆ထောင်လောက်ပဲ ရှိနေတာဖြစ်ပါတယ်။