ကမ္ဘာ့အမြင့်ဆုံး ရေပေါ်ခရစ္စမတ်သစ်ပင်ကြီးကို ဘရာဇီးနိုင်ငံ၊ ရူး ဒီ ဂျန်းနီရို (Rio de Janeiro) မြို့မှာ စနေနေ့ညက မီးထွန်းညှိခဲ့ပြီး အခုနှစ် ခရစ္စမတ်နှစ်သစ်ကူးပွဲတော်ကို ဖွင့်လှစ်လိုက်ပါတယ်။
တန်ချိန် ၅၄၂ တန်၊ အမြင့်ပေ ၃၀၀ နီးပါးရှိပြီး မီးထွန်းညှိပွဲကို လာရောက်ကြည့်ရှုသူ ၂ သိန်းနီးပါးရှိခဲ့ပါတယ်။

ခရစ္စမတ်သစ်ပင် မီးထွန်းညှိပွဲဟာ ဒီမြို့မှာ နှစ်စဉ်ကျင်းပမြဲပွဲတော်တခုဖြစ်ခဲ့ပြီး အခုနှစ်ဟာ ၁၉ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။
ခရစ္စမတ်သစ်ပင်ပေါ်မှာ မီးသီးပေါင်း အလုံး ၃.၁ သန်း၊ မီးကြိုးအရှည်မီတာ ၁ သိန်း ၂ သောင်းနဲ့ LED ရောင်ပြန်အချပ် ၁၀၀ သုံးစွဲထားတယ်လို့ ဆိုပါတယ်။
၁၉၉၆ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ ဒီမီးထွန်းပွဲတော်ဟာ ရူး ဒီ ဂျန်းနီရိုမြို့ Carnival ပွဲတော်နဲ့ Copacabana ကမ်းခြေ နှစ်သစ်ကူးပွဲတော်ပြီးရင် တတိယအကြီးဆုံး ကမ္ဘာလှည့်ခရီးသည် ဆွဲဆောင်ရာဖြစ်ပါတယ်။
Guinness ကမ္ဘာ့မှတ်တမ်းမှာလည်း ကမ္ဘာ့အမြင့်ဆုံး ရေပေါ်ခရစ္စမတ်သစ်ပင်အဖြစ် မှတ်တမ်းတင်ထားပါတယ်။