လက်ပံတောင်း သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှုကို မကျေနပ်လို့ ၂ နှစ်ပြည့် မြောက်တဲ့နေ့က ပြည်မြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့ လက်ပံတောင်းတောင်မှာ ရဟန်းသဃာတွေကို မီးလောင်ဗုံးနဲ့ အကြမ်းဖက် နှိပ်ကွပ်ခံခဲ့ရတဲ့ ၂ နှစ်ပြည့်မြောက် တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ညက ပဲခူးတိုင်း ပြည်မြို့မှာ ကြွေးကြော် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲကို တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနဲ့ လက်တွဲကူမယ် ပြည် လူငယ်အဖွဲ့က ကိုမျိုးသူထွဋ် က ပြုလုပ်ခဲ့ကြတာပါ။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က မုံရွာ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေ သမှာ ကြေးနီစီမံကိန်းကို သပိတ်စခန်းဖွင့် ကန့်ကွက် ဆန္ဒပြနေတဲ့ ဒေသခံတွေနဲ့ ရဟန်းသံဃာတွေကို အာဏာပိုင်က မီးလောင်ဗုံးတွေနဲ့ အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ တရားခံကို ဖော်ထုတ် အရေးမယူတဲ့အတွက် အခုလို ဆန္ဒပြတာလို့ ကိုမျိုးသူထွဋ်က ပြောပါတယ်။
ဒီဆန္ဒပြပွဲကို ခွင့်ပြုမိန့်မရှိ ဘဲ ပြုလုပ်ခဲ့တာ ဖြစ်ပြီး မြို့မ ရဲစခန်းမှူးနဲ့အဖွဲ့က လာရောက် တားမြစ်ခဲ့တာတွေ ရှိခဲ့ပါတယ်။
ဆန္ဒပြသူတွေက ခွင့်ပြုမိန့် တင်မထားဘဲ ဆန္ဒပြခဲ့တဲ့အတွက် ပုဒ်မ ၁၈ နဲ့ အရေးယူသွားဖို့ ရှိနေတယ်လို့လည်း စခန်းမှူးက ပြောပါတယ်။