အာဏာရှင်ဟောင်း မူဘာရက်ကို စွဲထားသည့်အမှု အီဂျစ်တရားရုံး ပြန်ရုပ်သိမ်း

847
၂၀၁၁ ခုနှစ်က လူထုဆန္ဒပြပွဲတွေနဲ့ ဖြုတ်ချခံခဲ့ရတဲ့ အီဂျစ်သမ္မတဟောင်း မူဘာရက်အပေါ် စွဲဆိုထားတဲ့ အမှုကို အီဂျစ်တရားရုံးက နိုဝင်ဘာ ၂၉ ရက်နေ့မှာ ပြန်ရုပ်သိမ်းလိုက်ပါတယ်။
သမ္မတဟောင်းမူဘာရက်ဟာ အီဂျစ်ဆန္ဒပြသူတွေကို ပစ်မိန့်ပေးခဲ့မှုနဲ့ ရုံးတင်ခံခဲ့ရတာပါ။ အစ္စရေးနိုင်ငံကို သဘာဝဓာတ်ငွေ့တရားမ၀င်တင်ပို့ခဲ့မှုနဲ့ မူဘာရက်ကိုရော၊ အရင်ရေနံဝန်ကြီးဟောင်းတို့ကို စွဲဆိုထားတဲ့အမှုတွေကိုပါ တရားရုံးက ပြန်ရုပ်သိမ်းပေးခဲ့ပါတယ်။
အဂတိလိုက်စားမှုစွဲချက်နဲ့ ရုံးတင်ခံခဲ့ရတဲ့ မူဘာရက်ရဲ့ သား ၂ ဦးကိုလည်း အချိန်ကြာခဲ့ပြီ ဆိုပြီး ပြန်ရုပ်သိမ်း ခဲ့ပါသေးတယ်။
ဒါပေမယ့် သမ္မတဟောင်း မူဘာရက်ဟာ ပြီးခဲ့တဲ့မေလက ဘဏ္ဍာငွေအလွှဲသုံးစားမှုနဲ့ ကျခဲ့တဲ့ ထောင် ၃ နှစ်ကိုတော့ ကျခံနေရပါတယ်။
ဒါပေမယ့် အသက် ၈၆ နှစ်ရှိ သမ္မတဟောင်း မူဘာရက်ဟာ ကျန်းမာရေးအကြောင်းပြချက်နဲ့ နေအိမ်အကျယ်ချုပ်ပဲ ကျခံနေရတာပါ။
အရင်ပြည်ထဲရေးဝန်ကြီးနဲ့ သမ္မတအကြံပေး ၆ ဦးတို့အပေါ် စွဲဆိုထားတဲ့ ပစ်သတ်မိန့်ပေးမှုတွေကိုလည်း ပြန်ရုပ်သိမ်းလိုက်ပါတယ်။
နှစ်ပေါင်း ၃၀ ကြာ အီဂျစ်နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်သမ္မတ မူဘာရက်ကို ဖြုတ်ချခဲ့ပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲနဲ့ အီဂျစ်သမ္မတသစ်တဦးကို တင်မြှောက်နိုင်ခဲ့ပေမယ့် အီဂျစ်စစ်တပ်က ပြီးခဲ့တဲ့နှစ်မှာ ပြန်ဖြုတ်ချခဲ့ပါတယ်။
ရွေးကောက်ခံသမ္မတ မောစီဟာ လက်ရှိအချိန်အထိ ထောင်ချခံထားရဆဲဖြစ်ပါတယ်။
မူဘာရက်အစိုးရလက်ထက် အကြီးအကဲတွေကို အခုနှစ်ထဲမှာပဲ ပြန်လွှတ်ပေးခဲ့တာကြောင့် အရင်အစိုးရအတိုင်း ပြန်ဖြစ်သွားမှာကို အီဂျစ်လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက စိုးရိမ်နေကြပါတယ်။
အခုလို အမှုတွေ ပြန်ရုပ်သိမ်းပေးခဲ့တာကို မကျေနပ်တဲ့ အီဂျစ်ပြည်သူတွေ ကိုင်ရိုမြို့လယ်ရင်ပြင်မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
လုံခြုံရေးတွေက မျက်ရည်ယိုဗုန်းတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့လို့ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
