ဂျာမနီအစိုးရရှေ့နေတွေဟာ ဖရန့်ဖာ့တ်မြို့မှာ မနေ့က စုရုံးခဲ့ကြပြီး မနှစ်က ဆီးရီးယားမှာ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ပူးပေါင်းခဲ့တဲ့ အသက် ၂၀ အရွယ် အမျိုးသား ၁ ဦးကို ထောင်ဒဏ် ၄ နှစ်ထက်ပိုချဖို့ တောင်းဆိုခဲ့ပါတယ်။

မိဘတွေက ကိုဆိုဗိုက လာပြီး ဂျာမနီမှာမွေးခဲ့တဲ့ ခက်ရှနစ်ခ်ကို ၂၀၁၃ ဇူလိုင်ကနေ ဒီဇင်ဘာကြား အီရတ်နဲ့ ဆီးရီးယားက အိုင်အက်စ် စစ်သွေးကြွအဖွဲ့ဝင်ဖြစ်မှုနဲ့ တရားစွဲခဲ့တာပါ။
ကြားနာပွဲ အပြီးမှာ ရှေ့နေချုပ်က စွပ်စွဲခံဟာ အကြမ်းဖက်အုပ်စုနဲ့ ပူးပေါင်းခဲ့ပြီး ဆီးရီးယားပြည်တွင်းစစ်မှာ တိုက်ခဲ့တဲ့အတွက် အပြစ်ရှိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
စွပ်စွဲခံရဲ့ ရှေ့နေကတော့ သူ့အမှုသည်ဟာ အာဏာရှင်တွေကို တိုက်ရာမှာ ကူညီဖို့ ကြိုးစားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အမြင်မှန်ရခဲ့တယ်လို့ ခုခံပြောဆိုပါတယ်။
ဂျာမနီအစိုးရ ရှေ့နေတွေကတော့ ခက်ရှနစ်ခ်ဟာ ဆီးရီးယားမှာ လက်နက်သင်တန်းတက်ခဲ့ပြီး တပ်ထဲမှာ အစောင့်နဲ့ ဆေးဘက်တာဝန်တွေ ယူခဲ့ကြောင်း၊ အလဲ့ပိုမြို့နားက စစ်သားစုဆောင်းရေး လှုပ်ရှားမှုမှာလည်း ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။
သူဟာ ၂၀၁၃ ဒီဇင်ဘာမှာ ဂျာမနီကို ပြန်လာချိန် ဖရန့်ဖာတ်လေဆိပ်မှာ အဖမ်းခံခဲ့ရတာပါ။ ခုချိန်ထိ တရားရုံးမတင်ခင် အချုပ်ချ ထိန်းသိမ်းခံထားရပါတယ်။
အိုင်အက်စ် စစ်သွေးကြွတွေဟာ အရှေ့အလယ်ပိုင်းရဲ့ အချက်အချာဒေသဖြစ်တဲ့ ဆီးရီးယားနဲ့ အီရတ်က ပိုင်နက်အများအပြားကို သိမ်းပိုက်ထားပါတယ်။