နိုင်ဂျီးရီးယား ဗလီ ဗုံးခွဲ ပစ်ခတ်မှု ၈၁ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းက အကြီးဆုံးမြို့ ခါနိုရဲ့အဓိကဗလီမှာ နိုဝင်ဘာ ၂၈ ရက်နေ့ ဝတ်ပြုသူတွေကို သေနတ်သမားတွေက ဗုံး ၃ လုံးအပါအ၀င် သေနတ်တွေနဲ့ ပစ်ခတ်ခဲ့လို့ အနည်းဆုံးလူ ၈၁ ဦး သေဆုံးတယ်လို့ မျက်မြင်သက်သေတွေနဲ့ အရာရှိတွေက ပြောပါတယ်။
ဒီလိုတိုက်ခိုက်မှုတွေဟာ ဘိုကိုဟာရမ် စစ်သွေးကြွတွေရဲ့ အမှတ်လက္ခဏာလို့ မီဒီယာတွေက အစီရင်ခံပါတယ်။
မွန်းလွဲပိုင်းဝတ်ပြုပွဲအတွက် ရှေးဟောင်း အဆောက်အဦဖြစ်တဲ့ ဗလီထဲ လူတွေစုနေချိန်မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။
ဗလီဟာ နိုင်ဂျီးရီးယားရဲ့ ဒုတိယအမြင့်ဆုံး အစ္စလာမ္မစ်အာဏာပိုင်ဖြစ်ပြီး ဘိုကိုဟာရမ်တွေကို ဝေဖန်သူ ခါနိုစော်ဘွားရဲ့ နန်းတော်နဲ့ ကပ်လျက်ရှိနေပါတယ်။ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ စော်ဘွားကတော့ အခင်းဖြစ်ချိန်မှာ မရှိနေပါဘူး။
ဆွန်နီမွတ်စလင် ဘာသာရေးစစ်ဝါဒီ ဘိုကိုဟာရမ်တွေဟာ နိုင်ဂျီးရီးယား မြောက်ပိုင်းမှာ ဘာသာရေးဆရာအုပ်ချုပ်တဲ့ အစ္စလာမ္မစ်နိုင်ငံတော် တည်ထောင်ရေး တိုက်ပွဲဝင်နေတာပါ။
နိုင်ဂျီးရီးယားနိုင်ငံတွင်း ရိုးရာ အစ္စလာမ္မစ်ဘာသာရေးအာဏာပိုင်တွေကို မထီမဲ့မြင်သဘောထား ရှိတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
သမ္မတ ဂွဒ်လဒ်ဂျိုနသန်ကတော့ နိုင်ငံသားတိုင်းရဲ့ ရှင်သန်ခွင့်နဲ့ ဂုဏ်သိက္ခာအတွက် အကြမ်းဖက်မှုမှန်သမျှကို နှိမ်နင်းပြီး တရားစီရင်မယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဘိုကိုဟာရမ် သူပုန်ထမှုကြောင့် နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းမှာ လူ ၁ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကြက်ခြေနီအဖွဲ့က သတင်းထောက်တွေကို မနေ့က ပြောပါတယ်။
စက်တင်ဘာမှာ ခန့်မှန်းခြေ ဒုက္ခသည် ၇ သိန်းလောက် ပိုတိုးလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အဖွဲ့က ပြောပါတယ်။
သမ္မတကတော့ နိုင်ငံအရှေ့မြောက်ပိုင်းမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားမှု ၁၈ လကို သက်တမ်းတိုးရေး အတည်ပြုဖို့ လွှတ်တော်ကို တောင်းဆိုထားပါတယ်။
[gallery ids="72305,72306,72307,72308,72309,72310"]