အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့မှာ နိုဝင်ဘာ ၂၇ ရက်နေ့က နိုင်ငံခြား အဖွဲ့အစည်းတွေနဲ့ အာဖဂန်စစ်တပ်ကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီး ဗြိတိသျှ ၁ ဦး သေဆုံးသွားပါတယ်။

သံတမန်တွေ နေထိုင်တဲ့ ၀ါဇာ အက်ဘာ ခန်း နယ်မြေမှာ ည ၇ နာရီခွဲဝန်းကျင်မှာ အသေခံ ဗုံးခွဲမှုဖြစ်ပြီး တာလီဘန်တွေနဲ့ ရဲအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှု လည်းဖြစ်ခဲ့ပါတယ်။
တိုက်ပွဲက ၅ နာရီကြာခဲ့ပြီး အသေခံ ဗုံးခွဲသမား ၃ ဦး သေဆုံးသွားတယ်လို့ ကဘူးလ်မြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ညတိုက်ပွဲကြောင့် အရပ်သားတွေ သေဆုံးတဲ့ သတင်းတော့ ထွက်ပေါ် မလာပါဘူး၊ ဒါပေမယ့် မနက်အစောပိုင်းမှာ နောက်ထပ် ဗုံးကွဲမှုဖြစ်ခဲ့ပြီး အာဖဂန်အရပ်သား ၅ ဦးနဲ့ ဗြိတိသျှလူမျိုး ၁ ဦး သေဆုံးသွားတယ်လို့ သတင်းတွေက ဆိုပါတယ်။