မိုက်ကရိုဆော့ကုမ္ပဏီက လုံခြုံရေးအစောင့် စက်ရုပ်

784
ကမ္ဘာ့အကြီးဆုံးကုမ္ပဏီတွေမှာ ပါဝင်တဲ့ မိုက်ကရိုဆော့ကုမ္ပဏီမှာ လုံခြုံရေး အစောင့်တွေ ကို သက်ရှိလူသားတွေအစား စက်ရုပ်အစောင့်တွေကို စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။
သက်ရှိလူသားတွေနေရာမှာ အစားထိုးအသုံးပြုလာတဲ့ ဒီစက်ရုပ်တွေမှာ ထူးခြားချက်က အာရုံခံအစွမ်းရှိတဲ့ ကိရိယာအမျိုးမျိုး၊ လူနဲ့ သတ္တုပစ္စည်းတွေကို ဖတ်နိုင်စွမ်းရည် ရှိတဲ့ လေဆာတွေနဲ့ ကင်မရာ စတဲ့ နည်းပညာတွေကို တပ်ဆင်ပေးထားလို့ လုံခြုံစိတ်ချမှု ရရှိနိုင်တဲ့အပြင် တခြား သဘာဝဘေးအန္တရာယ် ကျရာက်လာတဲ့အခါ ကြိုတင်အသိပေးနိုင် စွမ်းရည်ရှိတဲ့ စက်ရုပ်မျိုးလည်း ဖြစ်ပါတယ်။
ဒီစက်ရုပ်တွေကို ကေ ၅ (K5) လို့ခေါ်ပြီး လူသားအစောင့်တွေလိုပဲ သူတို့မှာ တပ်ဆင်ထားတဲ့ HD ကင်မရာတွေနဲ့ အာရုံခံ ကိရိယာအမျိုးမျိုးကြောင့် ဂိုဒေါင်တွေ၊ ကားရပ်ထားတဲ့နေရာတွေ နဲ့ တခြား မသင်္ကာဖွယ်ရှိတဲ့နေရာတွေကို လှည့်ပတ် စစ်ဆေးနိုင်တာ ဖြစ်ပါတယ်။
ဒါပြင် ဒီစက်ရုပ်တွေဟာ ကုမ္ပဏီဝန်းထဲ ဝင်လာတဲ့ ကားတွေရဲ့ နံပါတ်တွေကို ဖတ်နိုင်တဲ့အတွက် ဒီကားတွေကနေတဆင့် လိုအပ်တဲ့ အချက်အလက်တွေကိုပါ တိုက်ရိုက် စစ်ဆေးနိုင်တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီစက်ရုပ်တွေမှာ လက်နက်ကိရိယာတွေ မတပ်ဆင်ထားတာကြောင့် စက်ရုပ်ကနေ မသင်္ကာစရာ တွေ့ရှိလာရင်တော့ အသံချဲ့စက်တွေနဲ့ အသိပေးပြီး လူတွေကို ခေါ်ယူတာမျိုးကို ပြုလုပ်မှာ ဖြစ်ပါတယ်။
ဒီစက်ရုပ်တွေကို ၂၄ နာရီပြည့်ရင် မိနစ် ၂၀ ကြာ တခါ ဘက်ထရီ ပြန်ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပက်သက်ပြီး သတင်းဌာနတခုမှာတော့ စတားဝါးလိုမျိုး ရုပ်ရှင်ကားတွေထဲက စက်ရုပ်တွေ တကယ်ရှိလာပြီလို့ ပြောဆိုသွားပါတယ်။