Home
မေးမြန်းခန်း
နိုင်ငံရေးလမ်းကြောင်းက ပေါ်လာတဲ့ အမျိုးသားညီလာခံကနေ ဖွဲ့စည်းပုံပြင်သင့်တယ် - ရှေ့နေ ဦးကိုနီ
အေးနိုင်
·
November 27, 2014
ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးတဲ့အခါ အမျိုးသားညီလာခံလို ညီလာခံတရပ်ခေါ်ယူပြီး ပြင်ဆင်သင့်တယ်လို့ ရှေ့နေဦးကိုနီက ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။ u-ko-ni-lawerပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံပြင်ဆင်ရေး ခြောက်ပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းကြမယ့် အစီအစဉ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်လမ်းကြောင်းကနေ ပြင်ဖို့ ခက်တာကြောင့် နိုင်ငံရေးလမ်းကြောင်း ရွေးချယ်မှုဖြစ်မယ်လို့ ဦးကိုနီက ပြောဆိုပြီး ကြိုဆိုလိုက်ပါတယ်။ တွေ့ဆုံကြမယ့် ၆ ဦးကတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ဖြစ်ပါတယ်။ ၆ ပွင့်ဆိုင်ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲစတင်မယ့်အချိန်၊ နေရာ၊ ဆွေးနွေးမယ့် အကြောင်းအရာ စတာတွေကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးပမ်းနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဗမာပြည်ရဲ့အနာဂတ်အတွက်ကို ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်လို့ တောင်းဆိုရာမှာ (၁၄) ပွင့်ဆိုင်ပုံသဏ္ဌာန်မျိုးပေါ့နော် ဆောင်ရွက်ရာကနေ (၆) ပွင့်ပေါ့နော်။ ဒီကနေ့ မနက်ဆိုရင် တိုင်းရင်းသားကိုယ်စားလှယ် (ဒေါက်တာအေးမောင်ကို ရွေးတဲ့အဆင့် ရောက်သွားပြီဆိုတော့ လွှတ်တော်မှာအတည်ပြုပြီးတော့ သွားကြတော့မယ့် သဘောရှိတယ်ပေါ့။ ဒီဖြစ်ထွန်းတိုးတက်မှုနဲ့ ပတ်သက်လို့ ဦးကိုနီအနေနဲ့ ဖွဲ့စည်းပုံပြင်ရေးကို ဗမာပြည်မှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ (၆) ပွင့်ပေါ့နော် ဆွေးနွေးပွဲက မကြာခင် စတော့မှာဆိုတော့ စစချင်း ဘယ်ကိစ္စကို အရင်ဆုံးကိုင်တွယ်သင့်လဲ။ ဒီဖြစ်ထွန်းမှုအပေါ်မှာ သုံးသပ်ပြပါ။ “ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ကိစ္စကို လွှတ်တော်လမ်းကြောင်းက လုပ်နေပေမယ့်လို့ တကယ့်တကယ်တော့ လွှတ်တော်လမ်းကြောင်းကနေ အောင်မြင်အောင် မဆောင်ရွက်နိုင်ဘူးဆိုတာ အားလုံးက သိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း သိနေပါတယ်။ ဘာကြောင့်တုန်းဆိုတော့ ဒီပုဒ်မ ၄၃၆ အရဆိုရင် ၇၆ ရာနှုန်းကျော်မှ လွှတ်တော်ကို ဖြတ်လို့ရမယ်။ ဆိုတော့ တပ်မတော်သဘောမတူရင် ဘယ်တော့မှ လွှတ်တော်ကို ဖြတ်လို့မရဘူး။ အဲဒီတော့ ကျနော်တို့က တနည်းပဲရှိတယ်၊ ဆွေးနွေးပြီးတော့မှ အဖြေရှာတဲ့နည်းပေါ့ဗျာ၊ တနည်းအားဖြင့် လွှတ်တော်လမ်းကြောင်းဆိုတာ ဥပဒေလမ်းကြောင်း။ ဥပဒေလမ်းကြောင်းအပြင်ထွက်ရင် နိုင်ငံရေးလမ်းကြောင်းပေါ့ဗျာ။ နိုင်ငံရေးလမ်းကြောင်းဆိုတာ ဆွေးနွေးညှိနှိုင်းတဲ့နည်းပေါ့။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က တောက်လျှောက် ဖိတ်ခေါ်လာတယ်။ ဒါကို မတုံ့ပြန်ရင်လည်း မကောင်းဘူးဗျာ၊ မတုံ့ပြန်ရင် မကောင်းတဲ့အခါကျတော့ ၁၄ ယောက်ခေါ်ဆွေးနွေးပြီးတော့မှ တုံ့ပြန်လိုက်တယ်။ တယောက် ၁၀ မိနစ်စီ စကားပြောတယ်ဆိုတော့ ဘာမှလည်း အရာမထင်ဘူး။ ဘာတခုမှလည်း အဖြေမထွက်ဘူးပေါ့ဗျာ။ သို့သော် တချိန်တည်းမှာ ဘာဖြစ်နေသလဲဆိုတော့ လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်တွေက မပြင်ရေးဘက်ကနေ တော်တော်လေး ခုခံပြီးတော့ ဆွေးနွေးနေတယ်။ အန်အယ်လ်ဒီက ပြင်ဆင်ရေးကို ပြောနေတယ်။ အန်အယ်လ်ဒီပြောတာက ပြည်သူ့ဆန္ဒကို ပြောတာပါ။ အဲဒီတော့ တပ်မတော်က လိုက်မလာတဲ့အခါကျတော့ အခြေအနေက ပြင်ဆင်ရေး အလားအလာမကောင်းဘူးဆိုတာ ပုံက ပေါ်လာတယ်။ ပေါ်လာတဲ့အခါမှာ ဦးရွှေမန်း (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ) က မေတ္တာရပ်ခံချက်တခု လုပ်လိုက်တယ်။ သမ္မတကြီးအနေနဲ့ သူ့ရဲ့သြဇာကိုသုံးပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ကို ပြောပေးဖို့ပေါ့ဗျာ။ အဲဒီတော့ ဘာပြောရမလဲဆိုတော့ဗျာ တပ်မတော်သားကိုယ်စားလှယ်တွေက ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားတာ။ သူကသာ ပြင်ဆင်ရေး ထောက်ခံပေးပါလို့ ပြောလို့ရှိရင် ထောက်ခံမှာပဲ။ အဲဒီတော့ ဒါကိုလိုချင်တာ ဦးရွှေမန်းက။ လိုချင်တဲ့အခါကျတော့ သမ္မတကြီးဆီကနေတဆင့် ကာကွယ်ရေးဦးစီးချုပ်ကို ဖိအားပေးဖို့ ပြောတယ်။ ဒါပေမယ့် အဲဒီကိစ္စဟာ တကယ့်တကယ်တော့ သမ္မတကြီး သူနဲ့မဆိုင်ပါဘူးဆိုပြီး ဗွီအိုအေ နဲ့ ဦးသန်းလွင်ထွန်းနဲ့ အင်တာဗျူးလုပ်တဲ့အခါမှာ ပြောလိုက်တယ်။ ဒါက လွှတ်တော်က လုပ်ရမယ့်အလုပ်၊ သူနဲ့မဆိုင်ဘူး။ သူ့အနေနဲ့ ဒီလို ဖိအားပေးတာမျိုးလည်း မလုပ်ချင်ဘူးလို့ ပြောလိုက်တယ်။ “တခါ ကာကွယ်ရေးဦးစီးချုပ်ကို ဦးသန်းလွင်ထွန်း မေးတော့လည်းပဲ ဒီပြင်ဆင်ရေးဟာ သူတို့အနေနဲ့တော့ ဒီဖွဲ့စည်းပုံက ကောင်းတယ်ဆိုတဲ့သဘောမျိုး ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြောတယ်။ ဆိုရင် ကျနော်တို့က ဒီပြင်ဆင်ရေးကိစ္စဟာ လွှတ်တော်လမ်းကြောင်းက မအောင်မြင်တော့သလောက်ဖြစ်လာပြီ။ အဲဒါကို ဦးရွှေမန်းလည်း တွက်မိပုံရတယ်။ အဲဒီမှာ ဗြုန်းဆို ဦးရွှေမန်းက မထင်မှတ်ဘဲနဲ့ တနေ့က အဆိုတခုကို ပါတီဆုံးဖြတ်ချက်နဲ့ တင်လိုက်တယ်ပေါ့ဗျာ။ ပြည်ခိုင်ဖြိုးကနေ လုပ်လိုက်တယ်ဆိုတော့၊ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌကလည်း ဦးရွှေမန်းပဲဆိုတော့။ ဒါ လက်ရှိ နာယကကြီးကနေပြီးတော့ ဒီအတိုင်းသွားရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းဟာ လွှတ်တော်တင် အဆုံးသတ်သွားလိမ့်မယ်။ ဒီလိုသာ အဆုံးသတ်သွားလို့ရှိရင် ပြင်ဆင်လို့မရတော့ဘူးဆိုရင် နိုင်ငံရေးလမ်းကြောင်းက ပိတ်နေတယ်ဆိုရင် လူတွေ လမ်းပေါ်ထွက်လာပြီးတော့မှ strike တွေ demonstration တွေ (လိုလာချက်တောင်းဆိုဆန္ဒပြပွဲတွေ) ဆန္ဒပြတာတွေက ဖြစ်လာတော့မယ်။ အဲဒီတော့ ဒါကိုရှောင်ဖို့ဆိုရင် တခုခုလုပ်မှဖြစ်မယ်လို့ ယူဆပုံရပါတယ် ဦးရွှေမန်းက။ အဲဒါကြောင့် ဗြုန်းကနဲ အဲသလို အဆိုတင်လိုက်တယ်။ ခြောက်ပွင့်။ ပြီးတော့ ဒါကို ချက်ချင်းပဲ ဆုံးဖြတ်လိုက်တယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ဖြစ်သွားတဲ့အခါကျတော့ သမ္မတကြီးလည်း မလေးစား မလိုက်နာလို့ မဖြစ်တော့ဘူး။ ဒါက လူထုရဲ့ဆုံးဖြတ်ချက်၊ လူထုရဲ့ဆန္ဒလို ဖြစ်သွားတာကိုး။ အဲဒီတော့ ကြည့်ရတာက ဒီခြောက်ပွင့်ဆိုင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအောင်မြင်ဖို့ ဖွဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းတွေ့နေရပြီ။ အဲဒီတော့ ခုန ဦးအေးနိုင်မေးခွန်းမှာ ပါတာက ရှေ့အလားအလာ၊ ဒီကနေ ဘယ်ကနေ စသင့်သလဲ ဆိုတဲ့ဟာလေးက တော်တော် စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲဒီတော့ ခြောက်ယောက်တွေ့တဲ့နေရာမှာ ဦးတည်ချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ပဲဗျ။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ဆိုရင် လွှတ်တော်လမ်းကြောင်းကနေ သွားမယ်ဆိုရင် ကျနော်တို့က အခက်အခဲ (၂) ခုက မုချရင်ဆိုင်ရလိမ့်မယ်။ “နံပါတ် (၁) ဒီ ဥပဒေကြမ်းတင်တာလောက်ကတော့ ဖြစ်နိုင်တယ်။ ၁၃၃ ယောက်လက်မှတ်ထိုးရင် ဒါကတင်လို့ရတယ်။ ဒါပေမယ့် ၇၆ ရာခိုင်နှုန်းရဖို့ဆိုတာဟာ တကယ်လျှို့ဝှက်မဲစနစ်နဲ့ ခွဲလို့ရှိရင် ၂၅ ရာခိုင်နှုန်း မထောက်ခံဘဲ နေလိုက်လို့ရှိရင် ကျနော်တို့က second step (ဒုတိယအဆင့်) မှာ ရှုံးသွားနိုင်တယ်။ အဲဒီတော့ မဲမခွဲရဘဲနဲ့ အားလုံးသဘောတူတဲ့ ပုံမျိုး ဖြစ်အောင်ဆိုတာ အပြင်မှာ ညှိမှ ရတော့မယ်။ ပါတီကလည်း ပြည်ခိုင်ဖြိုးကလည်း ပြောရမယ်၊ သူ့ပါတီဝင်တွေအာလုံး ပြောင်မဲခွဲမယ်၊ ခင်ဗျားတို့ ထောက်ခံပေးပါ။ တပ်မတော်သားကိုယ်စားလှယ်ကိုလည်း ကာကွယ်ရေးဦးစီးချုပ်က ပြောမယ်၊ ပြောင်မဲခွဲမယ် ခင်ဗျားတို့ မတ်တပ်ရပ်ထောက်ခံပေးလိုက်ပါ။ ဒီလို ဆိုရင်တော့ ကျော်လို့ရမယ်။ မဟုတ်လို့ရှိရင် ကျော်လို့မရဘူး၊ ရပ်သွားမယ်။ နောက် အဲဒီမှာ အောင်ရင်တော့ ဒုတိယအဆင့် (၇၆) ရာခိုင်နှုန်း။ ၁၀၀ ရာနှုန်းရလို့ အောင်တယ်ဆိုရင်တောင် ကျနော်တို့ရဲ့ ဒုက္ခအကြီးဆုံးကတော့ ဆန္ဒခံယူပွဲ။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာဗျာ မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ တ၀က်လို့ ရေးထားတယ်။ မဲပေးသူရဲ့ တ၀က်လို့ မရေးဘူး။ အမှန်က မဲပေးသူရဲ့ တ၀က်ဖြစ်ရမှာကိုး။ မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ တ၀က်ဆိုတာ့ အဲဒီမှာလည်း ကျနော်တို့က ရှုံးနိုင်သေးတယ်။ အဲဒီတော့ဗျာ ဒါကတော့ ရည်ရွယ်ချက်ရှိရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့ မရအောင် လုပ်ထားတဲ့အခါကျတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖောက်ထွက်ရမယ်။ အဲဒီတော့ ကျနော့်ရဲ့ အယူအဆပေါ့။ ကျနော်ရဲ့ အယူအဆ ထင်မြင်ချက်သက်သက်ပြောတာပါ။ အဲဒီတော့ နိုင်ငံရေးလမ်းကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ကြိုးစားမယ်ဆိုရင် ဘာလုပ်သင့်သလဲဆိုတဲ့ ကျနော့်ပုဂ္ဂိုလ်ရေးအမြင်ပြောရင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြုပြည်ပြုက ရေးတဲ့ ဖွဲ့စည်းပုံမဟုတ်ဘူး။ တပ်မတော်ကနေပြီတော့ အမျိုးသားညီလာခံဆိုတဲ့အဖွဲ့တဖွဲ့ကို ဖွဲ့ပေးတယ်။ အဲဒီအဖွဲ့က ရေးတယ်။ ပြီးတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ သူက အတည်ပြုလိုက်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီနည်းလမ်းအတိုင်းပဲ ပြန်ပြီးတော့ ပြင်ရလိမ့်မယ်။ “ဒီနည်းလမ်းအတိုင်းဆိုတော့ ဘာလုပ်ရမတုန်းဆိုတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက်ဆိုပြီးတော့ အမျိုးသားညီလာခံကို လွတ်လပ်ပြီး အာ;လုံးပါဝင်တဲ့ အဖွဲ့တဖွဲ့ကို အရင်ဖွဲ့ပေးသင့်တယ်။ အဲသလိုဖွဲ့ပေးပြီးလို့ရှိရင် အဲဒီအဖွဲ့ကို လုပ်ပိုင်ခွင့်အာဏာကို လွတ်လွတ်လပ်လပ်ပေးရမယ်။ ခင်ဗျားတို့ သင့်မြတ်သလို တိုင်းပြည်ရဲ့အကျိုးကို ကြည့်ပြီးတော့ ပြင်ပါဆိုပြီးတော့ ပေးရမယ်။ အချိန်လည်း (၆) လ (၁) နှစ် ကန့်သတ်ပေးရမယ်။ အဲဒီအမျိုးသားညီလာခံကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလို ပြင်တာ၊ အသစ်ရေးတာ ဘာပဲလုပ်လုပ်။ သူလုပ်ပြီးပြီးဆိုရင် လူထုကို ချပြ။ လူထုကို ချပြပြီးတဲ့နောက် ဆန္ဒခံယူပွဲလုပ်။ လူထုက ဒါကိုကြိုက်တယ်၊ အတည်ပြုတယ်ဆိုရင် ဒါဟာ ဖွဲ့စည်းပုံပြင်ဆင်ပြီးသားဖြစ်သွားမယ်။ မဟုတ်ရင်လည်း အသစ်ရေးဆွဲပြီးသားဖြစ်သွားမယ်။ အဲဒီဖွဲ့စည်းပုံနဲ့ ရှေ့ကို ဆက်သွားမယ်ဆိုရင် လက်ရှိအနေအထားလည်း မပျက်ဘူး။ လက်ရှိအနေအထားက လက်ရှိ ဖွဲ့စည်းပုံနဲ့အုပ်ချုပ်။ အသစ်ပေါ်လာတဲ့အခါကျတော့ အသစ်နဲ့ အုပ်ချုပ်မယ်ဆိုရင် တိုင်းပြည်လည်း တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်သွားနိုင်တယ်။ ပြင်သင့်တာတွေကိုလည်း တခါတည်း ပြင်သွားလို့ရမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ၄၃၆ ပြင်ဆင်ရေးလမ်းကြောင်းဆို တခုပြီးတခု တခုပြီးတခု ပြင်နေရင် အနည်းဆုံး (၁၅) နှစ် အနှစ် (၂၀) လောက်ထိ ဒီဖွဲ့စည်းပုံကို ပြင်နေရမယ်။ အဲဒီအတွက် အဖိုးတန်တဲ့အချိန်တွေကုန်သွားပြီး တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းလည်း အများကြီးနောက်ကျသွားမယ်။ ဒါကြောင့်မို့လို့ ကျနော့်ရဲ့အယူအဆကတော့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေသည် အမျိုးသားညီလာခံကနေ ပေါ်ပေါက်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တဲ့အတွက် သူ့ကိုပြင်တာလည်းပဲ လွတ်လပ်တဲ့အမျိုးသားညီလာခံတရပ်ဖွဲ့စည်းပြီးတော့မှ အဲဒီအဖွဲ့ကနေ ပြင်လိုက်တဲ့၊ အသစ်ရေးလိုက်တဲ့ဟာကို လူထူဆန္ဒခံယူပြီး ပြင်တဲ့နည်းဟာ အကောင်းဆုံးနဲ့ အတိုဆုံးနဲ့ အမြန်ဆုံးဖြစ်ပြီး တိုင်းပြည်အတွက်လည်း အကျိုးရှိမယ်လို့ ကျနော်တော့ အဲသလိုထင်တယ်။ ကာကွယ်ရေးဦးစီးချုပ်ကလည်း လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ထုတ်ပြောထားတာက ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အချိန်ယူပြီးလုပ်ခဲ့တယ်။ လူကြီးတွေက ရှေ့နောက်ကြည့်ပြီးတော့ စီစဉ်ခဲ့တယ်။ ဒီဖွဲ့စည်းပုံဟာ သင့်လျော်တယ်။ ဒါ့အပြင် ပြင်ပကနေပြီးတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မဲဆန္ဒရှင်လက်မှတ် (၅) သန်း ရောက်တယ် (လွှတ်တော်ကို) ဆိုပေမယ့်လည်း ကျန်တဲ့သူတွေရဲ့ သဘောထားကို စောကြောကြည့်ဖို့လိုတယ်ဆိုပြီးတော့ ကာချုပ်က ပြောပါတယ်။ ဒီလို သဘောထားထုတ်ပြောခဲ့တယ်ဆိုတော့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ အလားအလာက ကောင်းနိုင်ပါ့မလား။ ဘယ်လိုမျိုးမြင်လဲခင်ဗျ။ “ကျနော် အဲဒါနဲ့ပတ်သက်လို့ ကာချုပ်ရဲ့သဘောထားကို သိထားရတာပေါ့လေ။ သူဆိုလိုတာက လက်ရှိဖွဲ့စည်းပုံကို Bကိုက်တယ်ဆိုတဲ့သဘောပါပဲ။ တိုတိုပြောရရင်။ ဒါပေမယ့် အဲဒီမှာ ကျနော်တို့သဘောမတူတဲ့အချက်က လူကြီးတွေက ဆွဲတယ်ဆိုတဲ့စကား သဘောမတူပါဘူး။ ဘယ်လူကြီးတွေလဲ။ ဒါက တပ်မတော်ဘက်က အရာရှိကြီးတွေ ဆွဲထားတာတာပါ။ ဘာဖြစ်လို့တုန်းဆိုတော့ ဒီဖွဲ့စည်းပုံကို ရေးတာဟာ စစ်အစိုးရက တိုင်းပြည်ကို သေသေချာချာ ပယ်ပယ်နယ်နယ် ဖိနှိပ်ပြီးအုပ်ချုပ်နေတဲ့အချိန်မှာ ရေးထားတဲ့ဖွဲ့စည်းပုံဖြစ်ပါတယ်။ ဒါ့အပြင် အဆိုးဆုံးက ၅/၉၆ လို့ခေါ်တဲ့ဥပဒေပါ။ ဒီဖွဲ့စည်းပုံရေးနေတာကို နိုင်ငံသားတွေအနေနဲ့ ဘာမှ မဝေဖန်ရဘူး၊ ဝေဖန်ရင် အနည်းဆုံး ထောင် (၅) နှစ်ကနေ အများဆုံး အနှစ် (၂၀) ချမယ်ဆိုပြီးတော့ လူထုရဲ့ပါးစပ်ကိုပိတ်ပြီး စစ်တပ်က တဖက်သတ်ရေးထားတဲ့ ဖွဲ့စည်းပုံပါ။ ဒါကြောင့်မို့လို့ ဒီဖွဲ့စည်းပုံဟာ ကောင်းတယ်ဆိုရင်တောင် စစ်တပ်အတွက်ပဲ ကောင်းတာဖြစ်လိမ့်မယ်။ ပြည်သူအတွက်ကတော့ လုံးဝမကောင်းဘူး။ နောက်တချက် ဒီဖွဲ့စည်းပုံဟာ ကာကွယ်ရေးဦးစီးချုပ်ကို အလွန်အမင်းအာဏာတွေ အပ်နှင်းထားတဲ့ ဖွဲ့စည်းပုံဖြစ်တဲ့အတွက် ကာကွယ်ရေးဦးစီးချုပ်ကြိုက်တာ မဆန်းဘူး။ ကျနော်တို့က ကာကွယ်ရေးဦးစီးချုပ်ကို မေတ္တာရပ်ခံချင်တာက ရှေ့က ကာကွယ်ရေးဦးစီးချုပ်လုပ်ခဲ့တဲ့ဟာက သူ့အကြောင်းနဲ့သူလုပ်ခဲ့တာ။ အခုလက်ရှိ ကာကွယ်ရေးဦးစီးချုပ်လက်ထက်မှာ သူ သမိုင်းအသစ်တခုကို ရေးပါ။ နိုင်ငံတော်အာဏာကို နိုင်ငံသားတွေလက်ထဲကို ပြန်ထည့်ပေးပါ။ ကျနော်တို့က ဒီလိုမေတ္တာရပ်ခံချင်တာ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ဒီ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ မှန်တယ်၊ ကောင်းတယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ဆက်ပြီးတော့ စွဲကိုင်ထားမယ်ဆိုရင် အဲဒါကတော့ ပြည်သူလူထုရဲ့ဆန္ဒကို neglect (လျစ်လျူရှု) လုပ်တာပဲ။ ဥပမာ- ကာကွယ်ရေးဦးစီးချုပ်ဟာ (၅) သိန်းရှိတဲ့ တပ်မတော်ရဲ့ အကြီးအကဲတယောက်သာဖြစ်ပါတယ်။ အခု ကျနော်တို့က လူ (၅ သန်း)။ အရွယ်ရောက်ပြီး မဲပေးပိုင်ခွင့်ရှိသူ လူ (၅) သန်းကနေပြီးတော့မှ ဒီဖွဲ့စည်းပုံကို မကြိုက်ပါဘူးလို့ ပြောထားပါပြီ။ အဲဒီတော့ ကာကွယ်ရေးဦးစီးချုပ် ဒီအချက်ကို စဉ်းစားသင့်ပါတယ်။ တကယ်လို့ ‘မဟုတ်ဘူးဗျာ ဒီ (၅) သန်းက နည်းသေးတယ်။ ဒီမှာ သန်း (၂၀) ကျော်တယ် မဲပေးနိုင်တဲ့သူ။ ကျန်တဲ့လူတွေရဲ့ဆန္ဒလည်း ယူသင့်တယ်’ ဆိုရင်တော့ တခုတည်းပဲ။ ဘာအလုပ်မှ မလုပ်နဲ့ ဒီဖွဲ့စည်းပုံကို ပြည်သူလူထု ကြိုက်သလား၊ မကြိုက်ဘူးလား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲသာလုပ်လိုက်ပါ။ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ။ အဲဒါဆို အဖြေတခါတည်းထွက်သွားမယ်။ အဓိကက ပြည်သူလူထုရဲ့ဆန္ဒကို တပ်မတော်ဘက်က လိုက်လျောဖို့ဆန္ဒ ရှိသလား၊ မရှိဘူးလား ဒီအချက်က ကျနော်တို့စဉ်းစားရမယ့် အရေးကြီးအချက်။ ကျနော်တို့ တိုင်းပြည်ကို တပ်မတော်အုပ်ချုပ်ခဲ့တာ ၁၉၆၂ ခုနှစ်ကတည်းက အခု နှစ် (၅၀) ကျော်ပြီ။ ဘာဖြစ်သလဲ။ တိုးတက်သလား၊ ဆင်းရဲသလား၊ မွဲသလား ဒါ အားလုံးသိပြီးသားပဲ။ အဲဒီတော့ အဖြေက ထွက်ထားပြီးသား တပ်မတော်အုပ်ချုပ်လို့မရဘူး။ တပ်မတော်အုပ်ချုပ်လို့ တိုင်းပြည်က ပျက်သွားတာပဲရှိတယ်၊ ဆင်းရဲသွားတာပဲရှိတယ်။ ဒီလိုဆိုတော့ ကျနော်တို့ ပြည်သူလူထုအုပ်ချုပ်တဲ့စနစ်ကို ပြန်ပြီးတော့ တပ်မတော်က ဖော်ပေးသင့်တယ်။ ရှေ့ကလူတွေ လုပ်ခဲ့တာ ရှေ့ကလူတွေရဲ့ တာဝန်ပဲဗျာ။ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့တော့။ လက်ရှိတာဝန်အရှိဆုံးလူအနေနဲ့ ဗမာနိုင်ငံ ပြန်လည်ချမ်းသာလာဖို့။ ပြန်လည် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက်ကို မြန်မြန်ဆန်ဆန် အချိန်ယူပြီးတော့မှ ပြုပြင်ပြောင်းလဲသင့်တဲ့ဟာတွေကို ပြုပြင်ပြောင်းလဲသင့်တယ်လို့ ကျနော်က ဒီလို ပြောချင်ပါတယ်။ ဒီအချက်ကို နားလည်သဘောပေါက်ပြီး ဆွေးနွေးသွားမယ်ဆိုရင် ဒီဆွေးနွေးပွဲဟာ အောင်မြင်မှာပါပဲ။” အခု ခြောက်ပွင့်ထဲမှာ ကျနော်တို့မြင်နေရတာက အရင်တပ်မတော်အစိုးရ လက်ထက်တုန်းက ဗိုလ်ချုပ်ဟောင်း ၃) ဦးပါတယ်။ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်သားတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာအေးမောင်ကတော့ အရပ်သားတွေ။ ပြည်သူတွေထဲက စိုးရိမ်ပူပန်တာရှိတာက တဖက်က ဗိုလ်ချုပ်တွေက များနေတယ်။ အရပ်ဘက်က ဦးရေအားဖြင့် အားနည်းနေတယ်ပေါ့။ အဲဒီဟာက ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ သက်ရောက်မှု တစုံတရာရှိနိုင်မယ်လို့ ယူဆလား။ မူပေါ်မှာ ဆွေးနွေးမှာလား၊ အရေအတွက်ပေါ်မှာ ဆွေးနွေးမှာလား။ ဘယ်လိုမြင်လဲခင်ဗျ။ “ကျနော့်အမြင်ကတော့ မူဝါဒနဲ့ တိုင်ပြည်အကျိုးအတွက် ရှေးရှုပြီးဆွေးနွေးရမှာပါ။ လူအရေအတွက်ပေါ်မှာ အခြေခံပြီးဆွေးနွေးလို့ကတော့ အဓိပ္ပာယ်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီခြောက်ယောက်ဟာ Key Player Post (အရေးပါတဲ့ခေါင်းဆောင်အဆင့်) မှာ ရှိတာမှန်ပေမယ့်လည်း တကယ့်တကယ်တော့ မဲခွဲပြီးတော့မှ တိုင်းပြည်ရဲ့အရေးမှာ မဲခွဲပြီးတော့မှ ဆုံးဖြတ်နိုင်တဲ့အနေအထားမျိုးမှာတော့ မရှိပါဘူး။ အဲဒီတော့ ဒီမှာ တဦးချင်းကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်၊ ဒါ သူ တိုင်းပြည်အတွက် အများအကျိုးအတွက် လုပ်မှာပဲ သာဓကလည်းရှိတယ်။ နောက် ဒေါက်တာအေးမောင်၊ ကျနော်တို့ ဘာမှ ပြောစရာမလိုပါဘူး။ နာယကကြီး ဦးရွှေမန်းကလည်း သူကိုယ်တိုင်ကကို ပြုပြင်ပြောင်းလဲချင်လို့ကို ဒီ (၆) ပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်အောင် ဖန်တီးလာတာမို့လို့ သူ့ပေါ်မှာလည်း ကျနော်တို့ မျှော်လင့်ချက်ထားလို့ ရပါတယ်။ နောက်တခါ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့်ကလည်း သူက သေသေချာချာကို ပြောသွားပြီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို သူထောက်ခံပါတယ်။ ၄၃၆ ဆို သူ ပြင်ချင်ပါတယ်လို့ ပြောတယ်။ ၅၉- စ ကတော့ အများဆန္ဒပဲဆိုတော့ သူ ငြင်းပယ်တဲ့ သဘောမှာ မတွေ့ဘူး။ အဲဒီတော့ နိုင်ငံတော် သမ္မတကြီး ကြည့်ရအောင်။ နိုင်ငံတော်သမ္မတကြီးဟာ ကျနော်တို့ရဲ့ အထွတ်အထိပ်ပဲဗျာ။ နိုင်ငံတော်ရဲ့အကြီးအကဲ၊ အားလုံးရဲ့ခေါင်းဆောင်ပဲ။ အဲဒီတော့ ပြည်သူပြည်သားအားလုံးက ဒီဖွဲ့စည်းပုံကို မကြိုက်ဘူး၊ ပြင်ချင်တယ်ဆိုတာ လမ်းပေါ်ထွက်ပြီးဆန္ဒတွေ ပြတာလည်း အကြိမ်ပေါင်းများစွာ။ ဒါကို နိုင်ငံတော်သမ္မတကြီး သတိထားမိမယ်ဆိုရင် ပြည်သူ့ဆန္ဒကို သူသိပါပြီ။ အဲ- ကာကွယ်ရေးဦးစီးချုပ်ကတော့ အကျိုးစီးပွားပတ်သက်နေတယ်။ နိုင်ငံရေးအာဏာကို သူ့ကိုအပ်ထားတာဖြစ်တဲ့အတွက် သူက တော့ ပြင်ချင်မှ ပြင်ကောင်းလိမ့်မယ်။ သို့သော် ဒါလည်းပဲ သမိုင်းမှာ မှတ်တိုင်တခုကို စိုက်ထူမှာပဲ။ ကောင်းသောသမိုင်းတခုကို စိုက်ထူဖို့အတွက် သူ့အနေနဲ့ ပြည်သူ့ဆန္ဒကို လိုက်လျောပေးမယ်ဆိုရင် ကောင်းတဲ့အဖြေ ထွက်လာမှာပါပဲ။ ဒါကြောင့်မို့လို့ ကျနော်က လူအရေအတွက်ပေါ်မှာတော့ အဓိကမထားဘူး။ တိုင်းပြည်အပေါ် ဘယ်သူတွေ ဘယ်လောက် စေတနာထားသလဲဆိုတဲ့ ပြပွဲတခုလို့ပဲ ကျနော်က မြင်တယ်။ အားလုံး သူတို့ စေတနာကို ပြကြပါ။ သူတို့စေတနာအားလုံးညီတယ်ဆို ကျနော်တို့အတွက် မျှော်လင့်ချက်အများကြီးရှိလာမှာပဲ။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ လေး ငါးရက်လောက်က အခြေအနေနဲ့ ဒီကနေ့အခြေအနေဆို ဒီကနေ့ မျှော်လင့်ချက် နည်းနည်း ပြန်ရှိလာတယ်။ လွန်ခဲ့တဲ့ ငါးရက်လောက်ကဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ဘယ်နည်းနဲ့မှ မအောင်မြင်တော့ဘူး။ နောက်ထပ် လမ်းပေါ်လူတွေ ထွက်လာမလား။ uprising (လူထုအုံကြွမှု) တခုများ ဖြစ်လာမလား မျှော်လင့်နေတာ။ ဒီအခြေအနေမျိုးမှာ ဗြုန်းဆို ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲဆိုတာ ပြန်ပြီး ပေါ်လာတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ နည်းနည်း ပြန်အားတက်လာပါတယ်။ အဲဒီတော့ အားတက်နေတဲ့ ပြည်သူလူထုရဲ့အခြေအနေကို စာနာထောက်ထားပြီးတော့ ဆက်ပြီးတော့ ကောင်းကောင်းမွန်မွန်နဲ့ ပြင်ဖြစ်အောင် လုပ်ကြမယ်ဆိုရင်တော့ တိုင်းပြည်အတွက် အကောင်းဆုံးပေါ့ဗျာ။” ဦးကိုနီ ခုနေ ပြောသွားတဲ့ ပုဒ်မတခုချင်းပြင်တာထက်စာရင် အချိန်ကြာမယ်ပေါ့နော်၊ အမျိုးသားညီလာခံခေါ်ပြီး နိုင်ငံတ၀န်း ပါဝင်သင့်ပါဝင်ထိုက်သူတွေ၊ ဥပဒေပညာရှင်တွေနဲ့ ပြင်ဖို့ဆိုတယ်။ ကျနော်တို့ အရင်အတွေ့အကြုံအရဆို ၁၉၉၃ ခုနှစ်ကနေ ၂၀၀၇ -၂၀၀၈ လောက်ထိ ကြာကြာ ရေးဆွဲခဲ့ကြတာမဟုတ်လား။ အဲဒီတော့ ကျနော်တို့ပြည်သူတွေက အဲသလောက်ကြာတဲ့ဒဏ်ကို ခံနိုင်ကြပါတော့မလား။ “အရင်ဟာနဲ့ယှဉ်လို့မရဘူး။ အရင်ဟာက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးရမယ်ဆိုပြီးတော့ အကြောင်းတခုပြပြီးတော့ အချိန်ဆွဲလိုက်တာ။ အမှန်ကတော့ အန်အယ်လ်ဒီ ရွေးကောက်ပွဲနိုင်သွားပြီ အာဏာလွှဲပေးရမှာ။ အာဏာလွှဲမပေးချင်လို့ ဖွဲ့စည်းပုံမရှိသေးလို့ ရေးဦးမယ်ဆိုပြီးတော့ ရေးတာ။ မြန်မြန်ရေးပြီးရင် မြန်မြန်လွှဲရမှာမို့လို့ မလွှချင်လို့ သူက အချိန်ယူပြီးတော့ ရေးတာ။ ကျနော်တို့ရဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရေးတာ (၉၈) ရက်ပဲ ကြာပါတယ်။ ရက် (၁၀၀) တောင် မပြည့်ဘူး။ လုပ်မယ်ဆို ဖြစ်ပါတယ်။ ဦးနေ၀င်းရေးခဲ့တဲ့ ဆိုရှယ်လစ်ဖွဲ့စည်းပုံဆိုရင် တနှစ်ခွဲလောက်ပဲကြာပါတယ်။ ဒါတောင် လူထုကို နှစ်ကြိမ် ချပြသွားသေးတယ်။ လုပ်လို့ရပါတယ်။ အဲဒါက ပြီးခဲ့တဲ့ အမျိုးသားညီလာခံကရေးတာက ကြာတာက ရည်ရွယ်ချက်ရှိရှိနဲ့ အာဏာမလွှဲချင်လို့၊ သူတို့ ကြာကြာအုပ်ချုပ်ချင်လို့၊ ကြာအောင်လုပ်လို့ ကြတာပါ။ အခု ကျနော်ပြောတဲ့ အမျိုးသားညီလာခံဆိုတာက စဖွဲ့ကတည်းကကို အချိန်ကာလ သတ်မှတ်ပေးမှာ။ ဒီရက်အတွင်း အပြီးဆွဲရမယ်လို့ သတ်မှတ်ပြီးမှ အာဏာအပ်နှင်းမှာပါ။ ပြီးတော့ အခုဖွဲ့တဲ့အဖွဲ့က ဥပဒေပညာရှင်တွေပါမယ်၊ တိုင်းရင်းသားခေါင်းဆောင်တွေပါမယ်။ အဖွဲ့အစည်းအသီးသီးကနေပြီးတော့ တရားဝင်ရွေးချယ်တဲ့ကိုယ်စားလှယ်တွေပါမယ်။ အားလုံးတိုင်းပြည်အကျိုးကိုလုပ်မယ့်လူတွေ စုစည်းရွေးချယ်ပြီးတော့မှ all inclusive ပေါ့ဗျာ အားလုံးလည်းပါပြီးတော့လုပ်မယ်ဆိုရင် (၁) နှစ်ဆိုရင် လုံလုံလောက်လောက် ကျနော်တို့က လုပ်လို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ အတွေ့အကြုံအများကြီးရှိတယ်။ ကျနော်တို့ ဗမာနိုင်ငံဟာ အမေရိကန်နိုင်ငံထက် အများကြီးသာတယ်။ အမေရိကန်နိုင်ငံက ဖွဲ့စည်းပုံတခုကို တခါပဲ ရေးဖူတယ်။ ကျနော်တို့က (၁၉၄၇) မှာ တခါ ရေးဖူတယ် (၁၉၇၄) မှာ တခါရေးဖူးတယ်။ (၂၀၀၈) မှာ တခါ ရေးဖူးတယ်။ နှစ် ခြောက်ဆယ်၊ ခုနှစ်ဆယ်လောက်အတွင်းမှာ (၃) ခါ တောင်ရေးပြီးပြီ။ နောက်တအုပ်ရေးဖို့ ကျနော်တို့ ဘာမှ မခက်ပါဘူး။ ခက်နေတာက စေတနာ ထားနိုင်ဖို့ပါပဲ။” ရေးဆွဲတဲ့အခါ ပြည်တွင်းပညာရှင်တွေနဲ့လုံလောက်လား။ ငွေရေး ကြေးရေးလိုအပ်ချက်နဲ့ ပြည်ပပညာရှင်အကူညီတွေ ရနိုင်မလား၊ ဗိုလ်ချုပ်အောင်ဆန်းတို့ မျှော်မှန်းခဲ့တဲ့ လောကပါလတရားနဲ့အညီ ဖွဲ့စည်းပုံတရပ်ပေါ်ပေါက်ဖို့ရာ အခုလက်ရှိ မြန်မာနိုင်ငံရေးရေချိန်နဲ့ ရေခံမြေခံတွေက ကောင်းနေပြီလား။ “ရေခံမြေခံက မကောင်းသေးဘူး။ သို့သော် ပြည်သူလူထုရဲ့ စိတ်ဆန္ဒကတော့ အမြင့်ဆုံးရေချိန်ကိုရောက်နေတယ်။ ရေချိန်အားဖြင့် သိပ်ကောင်းနေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကောင်းတခုကို ပြည်သူလူထု အရမ်းလိုချင်နေတယ်။ ပြည်သူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာ အရမ်းစိတ်ဝင်စားနေတယ်။ ပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းပြည်ရဲ့အခြေခံ အုတ်မြစ်။ ကောင်းကောင်းအခြေခံဥပဒေတခုကို ရေးဆွဲနိုင်မှသာ ကျနော်တို့ရဲ့ အနာဂတ်ကောင်းမယ်ဆိုတဲ့ အနေအထားကိုလည်း ပြည်သူလူထုက တော်တော် သဘောပေါက်နေပါတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးရေချိန်ကတော့ အမြင့်ဆုံးအနေအထားမှာ ရောက်နေတယ်။ နိုင်ငံတကာကလည်း အကူအညီတွေ တော်တော်များနေတယ်။ အခု ကျနော် ဒီမှာ လောလောဆယ်ဆွေးနွေးနေတာကို Australia New South Wales University က ပရော်ဖက်ဆာတွေ တော်တော်များများပါတယ်။ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအကြောင်းပဲ ဆွေးနွေးနေတာပါ။ အဲဒီတော့ ပြည်ပအကူအညီတွေ၊ ပြည်တွင်းပညာရှင်တွေရဲ့ အကူအညီတွေ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မြန်ရေးမယ်ဆိုရင်တော့ ဒါ ကျနော်တို့တိုင်းပြည် မြန်မြန်ဆင်းရဲတွင်းက လွတ်မြောက်မယ်လို့ ကျနော် အဲသလို အကြံပေးချင်တာပဲဗျာ။” နိုဝင်ဘာ ၂၆ ရက်နေထုတ် ကြေးမုံသတင်းစာမှာ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ကို အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကြမ်းပါလာပါတယ်။ ဒါနဲ့ပတ်သက်လို့ ထောက်ပြစရာရှိမလားခင်ဗျ။ “ဒီဟာကို ကျနော် ကန့်ကွက်စရာမရှိပါဘူး။ ကျနော်တို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ရမယ်ဆိုတဲ့အချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) မှာပါတယ်။ ဒါပေမယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပဲလုပ်မယ်ဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ဥပဒေမရှိဘူးခင်ဗျ။ အရင်တုန်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန်ဒခံယူပွဲလုပ်တုန်းက စစ်အစိုးရကနေပြီးတော့ ကော်မရှင်တခုကို ဖွဲ့ပေးလိုက်တယ်။ ဖွဲ့ပေးပြီးတော့ အဲဒီကော်မရှင်ကို လုပ်ပိုင်ခွင့်တွေ ပေးလိုက်တဲ့အခါကျတော့ အဲဒီကော်မရှင်က သူ့ရဲ့လုပ်ပိုင်ခွင့်တွေသုံးပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ ပြဋ္ဌာန်းပြီးတော့ ဆန္ဒခံယူပွဲကိုလုပ်လိုက်တယ်။ ဒါပေမယ့် အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အုပ်ချုပ်တဲ့အနေအထားပေါ့။ အမိန့်အာဏာနဲ့အုပ်ချုပ်တဲ့ အနေအထား မဟုတ်တဲ့အခါ ကျတော့ ဆန္ဒခံယူပွဲလုပ်ရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဥပဒေတရပ်ကတော့ လိုတာအမှန်ပဲ။ အဲဒါကြောင့်လည်းပဲ ဒီဥပဒေကို ရေးတာ။ ရေးရမှာ မှန်တယ်။ အထဲမှာရေးထားတဲ့အကြောင်းအရာတွေကတော့ ကျနော်တို့ ဆွေးနွေးစရာ အများကြီးရှိနေသေးတယ်။ ရေးတာတော့မှန်တယ်။ ဒါဟာ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လုပ်ထားတာပါ။” နယ်စပ်တွေမှာ နှစ်ပေါင်းခြောက်ဆယ်ကျော် လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ။ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေ၊ ပြည်တွင်းမှာ လွှတ်တော်တွင်းကို မရောက်လာတဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်းတွေ၊ အဲဒါတွေထဲက ခြောက်ပွင့်ဆိုင်လိုပွဲမျိုးမှာ ကိုယ်စားလှယ်အဖြစ် ပါဝင်သင့်တယ်လို့ ပြောဆိုသံတချို့ ထွက်ပေါ်ပါတယ်။ ဦးကိုနီ ဘယ်လိုမြင်လဲ။ “ကျနော့်အမြင်က အခုလို တကယ့် (Key Player Post) မှာရှိတဲ့ လူBကီးတွေ၊ ထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေးတဲ့နေရာမှာ အများကြီးပါလို့ မရဘူး။ အဲဒါဆို တယောက်တပေါက်နဲ့ ဘာမှ အဖြေထွက်မှာမဟုတ်ဘူး။ အခုလို (၆) ယောက်ဆွေးနွေးတာက အကောင်းဆုံးပဲ။ ဒီ (၆) ယောက်ကနေ လမ်းတခုကို ချရမယ်။ အဲဒီ သူတို့ချလိုက်တဲ့ လမ်းကျတော့မှ အားလုံးပါဝင်ရမယ်ဆိုတဲ့ လမ်းကြောင်းက အဲဒီမှာ ပေါ်လာရမယ်။ စကတည်းက အများကြီးနဲ့သွားလို့မရဘူး။ နည်းနည်းလေးကနေ အစပျိုးပြီးတော့မှ နောက် အများကြီးပါလာအောင်၊ အားလုံးပါလာအောင် လုပ်ပြီးတော့ အားလုံးသဘောတူတဲ့ လူဆီကိုသွားရမယ်။ အစကတည်းက အများကြီးထိုင်လိုက်ရင် ဘာအဖြေမှ ထွက်မှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ အခုသွားတဲ့လမ်းကြောင်းက မှန်ပါတယ်။ ကျနော်တို့ ကြိုက်ပါတယ်။ ထောက်လည်း ထောက်ခံပါတယ်။” ဦးကိုနီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွေမှာ ထင်ရှားတဲ့ ဟောပြောသူ တဦးဖြစ်ခဲ့တယ်ဆိုတော့ ဒီ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ညှိနှိုင်းကြမယ့် ထိပ်တန်းခေါင်းဆောင် (၆) ဦးကို ဒီကနေ ဘာများ တိုက်တွန်းချင်ပါသလဲခင်ဗျ။ “ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲမှာတက်ရောက်မယ့် ခေါင်းဆောင်တွေ သမ္မတကြီးအပါအ၀င်၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တက်ရောက်မယ့် ခေါင်းဆောင်တွေအားလုံးကို ကျနော်အများကြီးမဟုတ်ဘူး တခုတည်းပဲ ပြောချင်တာပါ။ “ပြည်သူလူထုရဲ့မျက်နှာကို ထောက်ထားပါ။ ပြည်သူလူထုရဲ့စိတ်ဆန္ဒကို အလေးထားပါ။ ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံတော်အာဏာရဲ့ပင်ရင်းပိုင်ရှင်သည် ပြည်သူများသာဖြစ်တယ်ဆိုတဲ့အချက်ကို အလေးအနက်စဉ်းစားပါ” လို့ ဒါပဲ ကျနော်ပြောချင်ပါတယ်။ အသံဖိုင်နားဆင်ရန်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024