ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အိုင်အက်စ်စစ်သွေးကြွအရေး မိန့်ကြား

815
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တူရကီနိုင်ငံကို ၃ ရက်ကြာ အလည်အပတ်ခရီးစဉ်ဟာ ဘာသာအယူဝါဒတွေကြား ငြိမ်းချမ်းရေးနဲ့ ပိုကြီးမြတ်တဲ့ဆွေးနွေးပွဲတွေကို တိုးမြှင့်ပေးဖို့ မျှော်လင့်တယ်လို့ နိုဝင်ဘာ ၂၆ ရက်နေ့က ပြောပါတယ်။
မဖြစ်နိုင်လောက်ဘူးဆိုပေမယ့် အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ တံခါးကိုတော့ ပိတ်မထားသင့်ဘူးလို့လည်း ပုပ်ရဟန်းမင်းကြီးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
ဥရောပကောင်စီနဲ့ ဥရောပလွှတ်တော်မှာ မိန့်ခွန်းပြောအပြီး ပြင်သစ်နိုင်ငံကအပြန် လေယာဉ်ပေါ်မှာ ပုပ်ရဟန်းမင်းကြီးက သတင်းထောက်တွေကို ပြောခဲ့တာပါ။
အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ (အိုင်အက်စ်) စစ်သွေးကြွတွေဟာ အီရတ်နဲ့ဆီးရီးယားက စတုရန်းမိုင် ထောင်ချီကျယ်တဲ့ အစိတ်အပိုင်းတွေ၊ မြို့တွေ၊ လယ်တွေနဲ့ ရေနံမြေတွေကို သိမ်းပိုက်ထားပါတယ်။
အစိုးရတပ်တွေကလည်း သူတို့ကို မခုခံနိုင် ဖြစ်နေဆဲပါ။ ဓားစာခံအများအပြားကိုလည်း သတ်ဖြတ်ခဲ့ပြီး သန်းနဲ့ ချီတဲ့ ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
အမေရိကန်လေကြောင်းတိုက်ခိုက်မှုတွေ ကျောထောက်နောက်ခံ ပေးထားတဲ့ အီရတ်အစိုးရကလည်း အိုင်အက်စ်တွေကို တွန်းလှန်ဖို့ ကြိုးစားနေရဆဲပါ။
ပုပ်ရဟန်းမင်းကြီးက စစ်သွေးကြွတွေကို အရေးယူခွင့် တရားဝင်မှုအပေါ် ဒီနှစ် အစောပိုင်းက ပေးခဲ့တဲ့ သူ့မှတ်ချက်ကို ထပ်ပြောပါတယ်။
မတရားတဲ့ ကျူးကျော်သူတွေကို တိုက်ဖို့ တရားဝင်တယ်လို့ သူက ပြောပြီး နိုင်ငံတကာ လူအဖွဲ့အစည်းရဲ့ အများသဘောဆန္ဒနဲ့ ကိုက်ညီရမယ်လို့လည်း ပြောခဲ့ပါတယ်။