စိတ်ဒဏ်သင့် သတင်းထောက်များအတွက် ပါကစ္စတန်အစိုးရ ကူညီရေးဌာနဖွင့်

677
ပါကစ္စတန်အစိုးရက စိတ်ဒဏ်သင့်သတင်းထောက်တွေအတွက် ကူညီရေးဌာနကို ဖွင့်လိုက်ပါတယ်။
သတင်းထောက်တွေကတော့ သူတို့အတွက် ဆွေးနွေး အကြံပြုချက် ရယူရေး အကူအညီ ရဖို့ အကြီးဆုံး အတားအဆီးတွေထဲက တခုက အဆိုးမြင်ပြီး မမျှတတဲ့ ယုံကြည်မှုတွေလို့ ပြောပါတယ်။
အသက်ဘေးခြိမ်းခြောက်မှု၊ ဗုံးခွဲမှုနဲ့ တိုက်ခိုက်မှုတွေဟာ ပါကစ္စတန်သတင်းထောက် အများအပြားအတွက် လုပ်ငန်းခွင် အစိတ်အပိုင်းတွေပါ။
နျူကလီးယားလက်နက်ပိုင်ရှင် ပါကစ္စတန်မှာ တာလီဘန်သူပုန်ထမှု၊ အသက်ကို ရန်ရှာတဲ့ ရာဇဝတ်ဂိုဏ်းတွေ၊ ဥပဒေမဲ့သတ်ဖြတ်မှုတွေနဲ့ လူမျိုးစုတွေကြား သတ်ဖြတ်မှု မြင့်လာတာတွေက ဖိစီး နှိပ်စက်နေပါတယ်။
အစွန်းရောက် အကြမ်းဖက်မှုတွေနဲ့ နေ့စဉ် ခြိမ်းခြောက်မှုတွေထဲမှာ နစ်မြုပ်နေမှုဟာ ပါကစ္စတန်သတင်းထောက်အများအပြားကို စိတ်ဖိစီးမှုတွေ ဖြစ်စေပြီး စိတ်ကစဥ့်ကလျားဖြစ်မှု ဝေဒနာတွေကို ခံစားရစေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဌာနဖွင့်ပွဲမှာ ပြောပါတယ်။
ဖွင့်ပွဲမှာ သတင်းထောက်တွေက တာလီဘန်တွေရဲ့ ပြန်ပေးဆွဲခံရမှု၊ လူအုပ်ကြားဗုံးခွဲမှု တွေကြောင့် ရာနဲ့ချီတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကြားမှာ ဖြတ်လျှောက်ရတာနဲ့ ခေါင်းဖြတ်တာ ကို မျက်မြင်တွေ့ရတာစတဲ့ ဇာတ်လမ်းတွေကို ပြောခဲ့ကြပါတယ်။
ဒါပေမယ့် သူတို့အားလုံးကတော့ အကူအညီယူဖို့ တွန့်ဆုတ်နေဆဲလို့ ပြောပါတယ်။ “လူတွေက စိတ်ကျန်းမာရေးအတွက် အကူအညီတောင်းတဲ့လူကို အထင်သေးကြတယ်။ စိတ်မနှံ့တဲ့အရူးလို့ ထင်ကြတယ်။ ဘယ်သူကမှ အရူးလို့ အခေါ်မခံချင်ဘူး” လို့ ပတ်ရှ်ဝါတက္ကသိုလ် စာနယ်ဇင်းနဲ့ လူထုဆက်ဆံရေးဌာနကဥက္ကဋ္ဌက ပြောပါတယ်။
ဌာနမှူးကတော့ ကနဦးစမ်းသပ်ချက်အရ သတင်းထောက် အယောက် ၂၀ မှာ ၁၄ ယောက်က ပြင်းထန်တဲ့ စိတ်ဖိစီးမှုကို ခံစားနေရတယ်လို့ ပြောပြီး ပိုကြီးတဲ့စမ်းသပ်မှုတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးအကြံပြုချက် ရယူခဲ့တဲ့သတင်းထောက်တွေကတော့ အကြံပေး အများအပြားဟာ နေ့စဉ်နဲ့ အမျှ အကြမ်းဖက်မှုဒဏ်သင့်နေတဲ့ သူတို့ကို ဆက်ဆံဖို့ စိတ်ဓာတ် ရေးရာ အသင့် မဖြစ်သေးဘူးလို့ ပြောခဲ့ကြပါတယ်။