ဟောင်ကောင်ရဲတွေဟာ မောင်းကွခ်ရပ်ကွက်အလယ်က ဆန္ဒပြရာနေရာကို ရှင်းလင်းဖို့ ကြိုးစားခဲ့လို့ ဆန္ဒပြသူတွေနဲ့ ရဲတွေ နိုဝင်ဘာ ၂၆ ရက် ဒီနေ့မှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ကျောင်းသားခေါင်းဆောင် ၂ ယောက် အဖမ်းခံခဲ့ရပါတယ်။
အစောပိုင်းကတော့ တရားရုံးက ခန့်အပ်တဲ့ အမိန့်ဖတ်စာရေးက ဆန္ဒပြသူတွေကို ထွက်သွားကြဖို့ သတိပေးခဲ့ပြီး ဦးထုပ်နီဆောင်း လုပ်သားအယောက် ၈၀ လောက်က နာသန်လမ်းတလျှောက် ချထားတဲ့ သစ်သားနဲ့ သံထည် အရံအတားတွေကို ဖယ်ရှား ရှင်းလင်း ခဲ့ပါတယ်။

ဒီလမ်းမှာ ၂ လကြာ အရပ်ဘက်အာခံရေး လှုပ်ရှားမှုအနေနဲ့ သပိတ်စခန်း တည်ခဲ့ပြီး ရာနဲ့ချီတဲ့ ယာယီတဲတွေ ချထားပါတယ်။
သြဂုတ်လကစတဲ့ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြပွဲတွေ အာရှရဲ့ ဘဏ္ဍာရေးအချက်အချာ ဟောင်ကောင်မှာ ဖြစ်ပွားခဲ့အပြီး အဓိက သပိတ်စခန်းကို အမြန်ရှင်းလင်းမှုတွေ စခဲ့တာပါ။
ဆန္ဒပြခေါင်းဆောင်တွေထဲက တယောက်ကတော့ ဒီလုပ်သားတွေမှာ သပိတ်စခန်းကို ရှင်းခွင့်ရှိ၊ မရှိ မေးခွန်း ထုတ်ခဲ့ပါတယ်။
အရင်နေ့က အနားက လမ်းရဲ့အစိတ်အပိုင်းကို ရှင်းအပြီး ရုန်းရင်းဆန်ခတ်မှုကနေ ထွက်ပြေးတဲ့ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူ အယောက် ၈၀ ကိုလဲ ရဲတွေက ဖမ်းခဲ့ပြီးပါပြီ။
မောင်းကွခ်ခရိုင်တွင်း ပိတ်ဆို့ထားတဲ့လမ်းကို ပြန်ဖွင့်ဖို့ တရားရုံးက အမိန့်ပေးအပြီး ရဲထောင်ပေါင်းများစွာကိုလည်း တာဝန်ချထားပါတယ်။
ဒါဟာ ၂ လကြာ အရပ်ဘက်အာခံရေး လှုပ်ရှားမှုအတွင်း အကြမ်းအဖက်ဆုံး ထိပ်တိုက် တွေ့မှုလို့ မီဒီယာတွေက သုံးသပ် အစီရင်ခံပါတယ်။
မောင်းကွခ်ဟာ ဆန္ဒပြပွဲတွေကို ဖြိုခွဲဖို့ ရည်ရွယ်တဲ့လူအုပ်တွေနဲ့ ကျောင်းသားတွေကြား အဓိကရုဏ်းအတွက် နေရာဖြစ်လာနေတာပါ။
၁၉၈၉ ခုနှစ်တုန်းက တရုတ်ပြည်မကြီး ပီကင်းမြို့တော်မှာ ဒီမိုကရေစီရေး လှုပ်ရှားမှုကို နှိမ်နင်းအပြီး ခုတကြိမ်ဟာ တရုတ်ကွန်မြူနစ်ပါတီအစိုးရအတွက် အကြီးဆုံးစိန်ခေါ်မှုတွေထဲက တခုလည်း ဖြစ်ပါတယ်။