အယ်လ်ဆာဗေဒိုနိုင်ငံ ဆိပ်ကမ်းမြို့ အကာဂျုတလာမှာ နိုဝင်ဘာလ ၂၅ ရက်နေ့ အစောပိုင်းက ရာဇဝတ်ဂိုဏ်းဝင်တွေလို့ သံသယရှိသူတွေက အလယ်တန်းကျောင်း ဘွဲ့နှင်းသဘင်ပါတီကို တိုက်ခိုက်မှုကြောင့် အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးပါတယ်။

မာရတ်စ် ခေါ် ဒေသခံလမ်းသရဲဂိုဏ်းဝင်လို့ သံသယရှိသူ အနည်းဆုံး ၄ ဦးက အကာဂျုတလာမြို့က အိမ်တအိမ်ထဲ ချိုးဖောက် ဝင်ရောက်ခဲ့ပြီး လူအုပ်ကို သတိမပေးဘဲ ပစ်ခတ်ခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။
ဒီမြို့ဟာ မြို့တော် စန်စယ်လ်ဗေဒိုရဲ့ အနောက်တောင်ဘက် ၅၂ မိုင်အကွာမှာ ရှိတာပါ။
လူသတ်သမားတွေဟာ မျက်နှာဖုံးစွပ်တွေ ကျည်ကာအင်္ကျီတွေကို ဝတ်ထားပြီး M16 နဲ့ AK 47 လို ရိုင်ဖယ်သေနတ်တွေ ကိုင်ထားခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
သေဆုံးသူ အမျိုးသား ၇ ဦးထဲမှာ လူသတ်မှုနဲ့ အလိုရှိနေတဲ့ ဂိုဏ်းသား ၁ ဦးလည်း ပါတယ်လို့ အယ်လ်ဆာဗေဒိုအစိုးရရှေ့နေ အော်စကာ တောရဲ့စ်က အစီရင်ခံပါတယ်။
သေဆုံးသူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်တွေကိုတော့ အစောပိုင်း အစီရင်ခံစာတွေမှာ မတွေ့ရသေးပါဘူး။
ဒီနှစ်ထဲမှာ အကြမ်းဖက်မှုတွေ တိုးလာပြီး ဂိုဏ်းသားတွေက အပြစ်လွှဲချဖို့ တိုက်ခိုက်မှုအတွင်း ရဲနဲ့ စစ်တပ်ဝတ်စုံတွေကို ဝတ်လာကြတယ်လို့ တောရဲ့စ်က ပြောပါတယ်။
မနှစ်က နိုင်ငံတွင်း လူသတ်မှုပေါင်း ၃၄၂၅ မှု ဖြစ်ခဲ့ပြီး ဒီနှစ်မှာတော့ ခုချိန်ထိ မနှစ်က လူသတ်မှု စုစုပေါင်းရဲ့ ၅၆ ရာခိုင်နှုန်းရှိပြီလို့ အစိုးရက အစီရင်ခံထားပါတယ်။