ကမ္ဘောဒီးယားမှာ လူချစ်လူခင်များတဲ့ ဆင်မကြီး ဆမ်ဘိုအတွက် နောက်ဆုံး နှုတ်ဆက်အခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်နေ့က ဖနွမ်းပင်မြို့မှာ ပြုလုပ်ပေးပါတယ်။

အသက် ၅၄ နှစ်အရွယ် ဆင်မကြီးဟာ မြို့တော်ကို စွန့်ခွာပြီး မွန်ဒူကီလီ ဆင်ဘေးမဲ့တောမှာ ဘ၀သစ်စတင်တော့မှာ ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ မြို့ပေါ်မှာ အလည်အပတ်လာသူတွေကို ကျောပေါ်တင်လိုက်ပို့ပေးခဲ့တဲ့ ဆမ်ဘိုဟာ အခုတော့ သဘာဝအရိပ်အာဝါသ ပိုကောင်းတဲ့ နေရာကို ပြောင်းရွှေ့ပြီး တခြားဆင်ဖော်တွေနဲ့အတူ နေထိုင်ခွင့်၊ ဘေးမဲ့ဆင်တကောင်လို ဆေးဝါးကုသ စောင့်ရှောက်ခံတော့မှာ ဖြစ်ပါတယ်။
ဆမ်ဘိုရဲ့ ပိုင်ရှင် စင်ဆွန်းကလည်း ဆမ်ဘိုဟာ ဘေးမဲ့တောရောက်သွားရင် တခြားဆင်အဖော်တွေရမယ့် အပြင်၊ သဘာဝ ရေတံခွန်နဲ့၊ သစ်ဥသစ်ဖုတွေကို စားသုံးရတော့မှာ ဖြစ်တဲ့အတွက် ၀မ်းသာတယ်လို့ ပြောပါတယ်။
အခမ်းအနားမှာ ဆင်မကြီး ဆမ်ဘိုကို ဗုဒ္ဓဘာသာ ထုံးတမ်းအစဉ်အလာတိုင်း ဆုတောင်းပေး၊ ရေချိုးပေး၊ ကံကောင်းဖို့ ဆုတောင်းပေးပါတယ်။
“ဆင်မကြီး ဆမ်ဘိုဟာ ကြံ့ကြံ့ခံနိုင်တဲ့ ကမ္ဘောဒီးယားရဲ့ နမူနာတခုဖြစ်တယ်။ ဒီလိုပဲ သစ်တောနဲ့ တိရိစ္ဆာန်တွေ ပြုန်းတီးနေတဲ့ ကမ္ဘောဒီးယားရဲ့ အခြေအနေကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ နမူနာ တခုဖြစ်တယ်” လို့ ယူအက်စ်အေအိုင်ဒီရဲ့ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ရွှန်း ကယ်လာဟန် Sean Callahan က သတင်းထောက်တွေကို ပြောပါတယ်။
ဆင်မကြီး ဆမ်ဘိုကို သူ့ပိုင်ရှင်က ၁၉၈၀ မှာ တွေ့ရှိခဲ့ပြီး အဲဒီအချိန်ကစလို့ လွန်ခဲ့တဲ့ ၂ နှစ်က အထိ ၀ပ်ဖနွမ်း ဘုရားကျောင်းအနီးမှာ အလည်အပတ်လာသူတွေကို ကျောပေါ်တင်ပြီး လိုက်ပို့ပေးနေခဲ့တာဖြစ်ပါတယ်။