Live
Home
မေးမြန်းခန်း
ငြိမ်းချမ်းရေး မိုးစက်များနှင့် အဆိုတော် မွန်းအောင် (မေးမြန်းချက်)
DVB
·
November 25, 2014
သံရုံးကနေပြီးတော့ အကိုရဲ့ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရတယ်လို့ ပြောတယ်။ ဘယ်လို အကြောင်းပြန်လဲ။ “ကျနော်ကို သူတို့ ပြောတာကတော့ လျောက်လွှာတင်တာနဲ့ သူတို့ စာရွက်ကိုကြည့်ပြီးတော့ ဘယ်လောက်မှ မကြာဘူးပေါ့ သူတို့ ပြောတာက ဒီစာအုပ်မျိုးကို ဒီနေရာမှာ ဗီဇာ ထုတ်မပေးဘူးပေါ့၊ အဲဒါနဲ့ ကျနော်မေးကြည့်တယ်။ ဘာအကြောင်းကြောင့် ဘယ်လို အကြောင်းကြောင်းကြာင့် ကျနော်တို့ ဗီဇာ မပေးနိုင်တာလဲပေါ့။ သူတို့ ပြောတာက အထက်က ညွန်ကြားထားလို့လို့ ပြောတယ်။” အခုလို ငြင်းပယ်ခံရတော့ နောက်ထပ်ရော ထပ်ကြိုးစားဖို့ ရှိလား။ ma (2)“အခုလောလောဆယ်မှာကတော့ ကျနော်အတွက်ကတော့ နောက်ထပ် ထပ်ကြိုးစားဖို့ကတော့ ကျနော်နားလည်သလောက်ကတော့ ဒါမြန်မာသံရုံးက ပြောရမယ်ဆို ပြည်ဝင်ခွင့် ဗီဇာနဲ့ ပတ်သက်လို့ နောက်ဆုံး အဆုံးအဖြတ်ပေးတာက အပြင်မှာတော့ ကျနော်တို့ လုပ်နိုင်တာ ဒါပဲပေါ့။ ကျနော်အတွက်ကတော့ ဘန်ကောက် မြန်မာသံရုံးမှာ မရလို့ ဥရောပမှာရှိတဲ့ မြန်မာသံရုံးကနေ သွားလျှောက်ရင် ကျနော်ကို ပေးမှာလားဆိုတဲ့ မေးခွန်းလည်း ရှိသေးတယ်၊ လောလောဆယ်တော့ နောက်ထပ် ထပ်ကြိုးစားဖို့ မရှိသေးဘူး။” ဒီလို ငြင်းပယ်လိုက်တာ ဘာကြောင်းကြောင့်လို့ ယူဆသလဲ။ “ယူဆချက် ဆိုတာပဲ ပြောရမှာပေါ့၊ ကျနော်လည်း ဘယ်အကြောင်းကြောင့်ဆိုတာ အတိအကျ ပြောဖို့ ခက်တယ်။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်းပဲ ကျနော်လည်း အပြင်မှာ နေတယ်ဆိုသည့် တိုင်အောင် အစိုးရကို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။ ဝေဖန်ပြောဆိုတယ်၊ ဆန္ဒပြတဲ့ အလုပ်တွေပါ ကျနော်လုပ်တယ်ပေါ့။ အဲလိုမျိုးအလုပ်တွေ လုပ်တဲ့အတွက် ကျနော်ကို ဗီဇာမပေးတာလည်း ဖြစ်နိုင်တာပေါ့။ နောက်ပြီး တဖက်မှာလည်း သူတို့ဆီသွားပြီးတော့ ကျနော်ဝင်ပါရစေလို့လည်း သွားမတောင်းဘူးပေါ့။ ကျနော်သာမန်တခြား နိုင်ငံခြားသားတွေ ၀င်သလိုပဲ ကျနော်နိုင်ငံခြားသား တယောက်အနေနဲ့ တိုးရစ်ဗီဇာ ကျနော်တောင်းတာပေါ့။” ဒီခရီးစဉ်မှာ အကိုအနေနဲ့ ကချင်ဒုက္ခသည်တွေကို ကူညီဖို့ လုပ်ဆောင်သွားဖို့လည်း ရှိသလို အခုလို သွားရောက်ခွင့်မရတဲ့အပေါ် ဘယ်လိုခံစားရလဲ။ ကချင်ဒုက္ခသည်တွေကို အကူအညီ မပေးနိုင်တဲ့အပေါ် ဘယ်လိုခံစားရလဲ။ “ကျနော်လုပ်နိုင်တဲ့အလုပ်က သီချင်းဆိုတဲ့အလုပ်၊ ကျနော်စိတ်ကူးခဲ့တာကတော့ အကယ်၍ ဗီဇာသာ ရခဲ့မယ်၊ ကျနော်ကို ၀င်ခွင့်သာပေးခဲ့မယ်ဆိုရင် ကျနော်ပွဲလေး တပွဲဆိုချင်တယ်။ အဲဒီပွဲကို ကချင်စစ်ပြေး စစ်ရှောင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေ နည်းသည်များသည် ဘယ်လောက်ရမယ်လို့တော့ ကျနော်မပြောတတ်ဘူးပေါ့။ ဒါပေမယ့်လည်း မည်သို့ဆိုစေ ကျနော်လုပ်နိုင်တဲ့ ဘက်ကနေပြီးတော့ သူတို့ အတွက် ရန်ပုံငွေရှာချင်တဲ့ စိတ်ကူးနဲ့ ကျနော် ဒီပွဲလေးကို စဉ်းစားတာပါ။ တပြိုင်နက်တည်းမှာဘဲလည်း မြန်မာပြည်ထဲမှာရှိတဲ့ ကျနော် မတွေ့တာ ကြာလှပြီဖြစ်တဲ့ ကျနော့် သီချင်းကို ကြိုက်တဲ့ ပရိသတ်တွေရှိတယ် ကျနော်သိတယ်။ ကျနော်ပရိသတ်နဲ့ ကျနော် စင်မြင့်ဖျော်ဖြေပွဲပေါ့ မျက်နှာချင်းဆိုင် ပရိသတ်နဲ့ ရင်ဆိုင်ပြီးတော့ ဖျော်ဖြေခွင့်ရမယ်လို့လည်း ထင်ထားခဲ့တယ်။ ဒါပေမယ့် ခုအဲဒီဟာက သေချာတာကတော့ ကျနော်ဝင်ခွင့်မရတဲ့အတွက် ပရိသတ်နဲ့ကျနော်နဲ့ မျက်နှာခြင်းဆိုင်တွေ့ဖို့ သီချင်းဆိုပြဖို့ဆိုတဲ့ အခွင့်အရေးကတော့ ကျနော်မှာ မရှိတော့ဘူး။ အဲဒီအတွက်တော့ ကျနော်စိတ်မကောင်း ဖြစ်ပါတယ်။” နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ် ဒါပေမယ့် ကိုမွန်းအောင်လို အဆိုတော် တယောက်ကို ၀င်ခွင့်မပေးတဲ့အပေါ် ဘာများပြောချင်ပါသလဲ။ “ပြုပြင်ပြောင်းလဲရေးလုပ်တယ်လို့ ပြောတာကတော့ ဦးသိန်းစိန် အစိုးရ စတက်လာကတည်းက ဒီမိုကရေစီလို့ သူတို့ ပြောပြီးတော့မှ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုပြီး သူတို့ လုပ်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်အမြင်မှာကတော့ တကယ်တမ်းကျရင်တော့ မလုံလောက်သေးဘူး ပေါ့။ ပြုပြင်ပြောင်းလဲရေးဆိုတာ တကယ်တမ်း မလုပ်မဖြစ်တဲ့ဟာတွေ နောက်ပြီး နိုင်ငံတကာကို ပြဖို့ လုပ်တယ်ဆိုတာထက် ကျနော်တို့ တိုင်းပြည်မှာ တကယ်တမ်း ဒီမိုကရေစီ ကိုယ့်တိုင်းပြည်သူ ပြည်သားတွေ နေထိုင်စားသောက် လုပ်ရကိုင်ရ ပျော်ရွှင်တဲ့ စနစ်တခုပေါ့ လွတ်လပ်တဲ့အနေအထားတခုပေါ့ နောက်ပြီး နောက်တဖက်မှာလည်း ကျနော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးဆိုတာလည်း တကယ်တမ်း မရှိသေးဘူး။ ကျနော်ဆိုရင် ကချင်ပြည်နယ်က လာတာ ကျနော်တို့ ကချင်ပြည်နယ်မှာဆိုရင် ဒီနေ့ထိ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ၊ အဲဒီတိုက်ပွဲတွေက ဟိုးကျနော်တို့ ငယ်ငယ်ကတည်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ၊ ကျနော့်ဘ၀ တလျှောက်လုံးက ကျနော်တို့ ကချင်ပြည်နယ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနေခဲ့ရတယ်ဆိုတာ ဒီနေ့ထိမရှိသေးဘူးပေါ့၊ နောက်ပြီး ကချင်ပြည်နယ် တခုတည်းလားဆိုတော့လည်း မြန်မာပြည်မှာ မငြိမ်သက်တဲ့နေရာ အများကြီးရှိနေတယ်။ ကျနော့် အမြင်မှာကတော့ အဲဒါတွေက အဆုံးသတ်သင့်ပြီပေါ့။ ကြာလည်း ကြာလှပြီ။ ဒါပေမယ့် အဖြေမထွက်နိုင်ဘူး။ တကယ်တမ်း အဖြေထွက်ဖို့တို့ စစ်ပွဲအဆုံးသတ်ဖို့တို့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာထက် စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်သူကို ပေးနိုင်တယ် ဆိုတာက အခုလက်ရှိ အာဏာကို ယူထားတဲ့ အစိုးရနဲ့ ဒီအစိုးရကို နောက်ခံပြုထားတဲ့ စစ်တပ် သူတို့ လက်ထဲမှာပဲ ရှိတယ်၊ သူတို့ မပေးသရွေ့ ကျနော်တို့ကဘယ်တော့မှ ရမှာ မဟုတ်ဘူး။ ဒါပေမယ့် တပြိုင်ထဲမှာဘဲ ကျနော်တို့ကလည်း လိုချင်တဲ့အတွက် တိုက်ရမှာပဲ၊ ထပ်ပြောရမှာပဲ၊ ဒါကိုမှ မကြိုက်ဘူးဆိုရင်တော့ မတတ်နိုင်ဘူးလေ။ ကျနော်တဦးတည်း အမြင်မှာတော့ ကျနော်ကတော့ ဒီမိုကရေစီလိုချင်လို့ဘဲ မြန်မာပြည်မှာ ရှိတဲ့ ကျနော်ဘ၀ကို ထားခဲ့ပြီးတော့ ဒီမိုကရေစီ အရေးကို ဆက်လုပ်မယ်ဆိုပြီး အပြင်မှာ လာနေတာ၊ ၂၆ နှစ်ကျော်ပြီ။ အခု သူတို့ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ဟာနဲ့ တပြိုင်နက်တည်းမှာဘဲ ကျနော်အနေနဲ့ သီချင်းခွေလေး တခွေပြီးတယ်။ ပွဲတပွဲလောက် ဆိုဖို့ အခွင့်အရေးများ ရမလားဆိုပြီး ကျနော်ခွင့်တောင်းတာကို မပေးဘူးဆိုတော့လည်း ဒါက ကျနော်ဘက်က နားလည်တာကတော့ ကျနော့်အပေါ်မှာ လက်ရှိ အာဏာပိုင်တွေ အစိုးရတွေ ထားတဲ့သဘောထားပေါ့။ သူတို့ ကျနော်ကို ၀င်ခွင့်မပေးနိုင်ဘူး ဆိုတာ ရှင်းရှင်းလင်းလင်း အဖြေပေးတာလို့ ကျနော်နားလည်ပါတယ်။ မြန်မာပြည်ထဲက လူတွေ အဖို့ကတော့ ပြုပြင်ပြောင်းလဲရေးဆိုတာ သူတို့မီဒီယာသတင်းလွှတ်လပ်ခွင့် အရင်ကထက်စာရင် ရှိလာတယ်။ အခု သီချင်းတွေဆိုရင် ဆင်ဆာတင်ဖို့ မလိုဘူး ဆိုတာလောက်ကလွဲပြီးတော့ တခြားနိုင်ငံရေးအရ လွတ်လပ်ခွင့်တို့ အချုပ်အခြာ အာဏာခွဲဝေတဲ့ ကဏ္ဍတို့မှာ မြန်မာပြည်မှာ အများကြီးလိုသေးတယ်ပေါ့။ တိုင်းရင်းသားတွေနဲ့ အပစ်ခတ်ရပ်စဲရေး ဘယ်မှ မရောက်သွားဘူး ပေါ့။ အသံပဲကျယ်နေတယ်။ အသံမြည်တာက ပိုကျယ်နေတယ်ပေါ့ တကယ့်အရွှေ့က အဲလောက် မရှိသေးဘူး။” အစောက သီချင်းခွေလုပ်နေတယ်လို့လည်း ပြောသွားပါတယ်။ အဲဒီ သီချင်းခွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ဆက်လုပ်သွားဖို့ရှိလဲ။ “သီချင်းခွေကတော့ ပြီးပါပြီ။ ငြိမ်းချမ်းရေး မိုးစက်များလို့ ခေါင်းစဉ်ပေးထားတဲ့ စီးရီတခွေပေါ့ သီချင်း ၁၂ ပုဒ် ပါတယ်။ အဲဒီ သတင်းတွေက အကုန်လုံး သွင်းပြီးသွားပြီ။ အဲဒီသီချင်းတွေကို အခုလောလောဆယ် ရန်ကုန်မှာဘဲ တရားဝင် ဖြန့်နိုင်ဖို့ ကျနော်ကြိုးစားနေတယ်။ လူကိုယ်တိုင် မ၀င်ရရင်တောင်မှပဲ ကျနော်ကို ကူညီနိုင်မယ့် မိတ်ဆွေတွေကို ကျနော် တတ်နိုင်သလောက် ကျနော်သူတို့နဲ့ ဆက်သွယ်ပြီးတော့မှ မြန်မာပြည်ထဲမှာဘဲ တရားဝင် ဖြန့်နိုင်အောင်တော့ ကျနော်ကြိုးစားမယ်။ ကျနော်ကို ကူညီမယ့် မိတ်ဆွေတွေလည်း ရှိတယ်။ သူတို့ ကူညီပေးမယ် လို့လည်း ပြောတယ်။ ဘယ်နေ့ ဖြန်နိုင်မယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူး။ ဒါပေမယ့် ဒီနှစ်မကုန်ခင် နောက်လထဲမှာတော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။” အစိုးရက ပြည်ဝင်ခွင့်ဗီဇာ မပေးတဲ့အတွက် မြန်မာနိုင်ငံကို မသွားနိုင်ဘူးပေါ့။ အကိုပရိသတ်ကို ဘာများ ပြောချင်ပါသလဲ။ “အခုလောလောဆယ်မှာကတော့ ကျနော့်အနေနဲ့ ပြည်ဝင်ခွင့် ဗီဇာ မရတဲ့အတွက် ကျနော် ပရိတ်သတ်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ဖျော်ဖြေခွင့်တော မရသေးဘူးပေါ့။ ဒါပေမယ့်လည်း ကျနော့်ရင်ထဲမှာ မျှော်လင့်ထားတယ်ပေါ့။ ကျနော်တနေ့ ပြန်လာရမှာပါ။ ဘယ်အရာမှ ထာဝရ မပြောင်းမလဲ တည်ရှိနေတယ်ဆိုတာ မရှိပါဘူး။ အပြောင်းအလဲဆို တာလည်း လာအုံးမှာပါ။ ကျနော်တို့ လိုချင်တာ ကျနော်လိုချင်တာက ဒီထက်ပိုများတဲ့ အပြောင်းအလဲ၊ ဒီထက်ပို ကောင်းတဲ့ အပြောင်းအလဲတခုကို လိုချင်တာ၊ ကျနော်ဟာ ကျနော်တို့ တိုင်းပြည်ကြီး ပျက်စီးရာ ပျက်စီးကြောင်း အတွက် လုပ်နေတဲ့ လူလည်းမဟုတ်ဘူး။ ပျက်စီးရာပျက်စီးကြောင်း ဖျက်လို ဖျက်ဆီးလုပ်နေတာလည်း မဟုတ်ဘူး။ မဟုတ်တာကို မဟုတ်ဘူးလို့တော့ ပြောရမှာပဲ၊ မဟုတ်တာကို ဘာမှ မပြောဘဲ ငြိမ်ခံနေရင်တော့ ကျနော်တို့တွေဟာ ဒီဘ၀ကနေ ဘယ်တော့မှလည်း ကျွတ်မှာ မဟုတ်ဘူး၊ ဆိုတော့ ဒီဘ၀ကို ကျွတ်ချင်ရင်တော့ ကျနော်တို့ မဟုတ်တာကို မဟုတ်တဲ့အတိုင်းပြော နောက်ပြီးတော့ တဖက်မှာလည်း ကျနော် မဟုတ်တာကို မမှန်တာကို လက်မခံနိုင်တာကို အခုလို ပွင့်ပွင့်လင်းလင်း မားမားမတ်မတ် ရပ်ပြောခွင့်ရတဲ့ အတွက် ပြောနိုင်တဲ့အတွက်လည်း ကျနော့်ကိုယ်ကျနော် ကျေနပ်တယ်။ အဲဒီအတွက် ဆုံးရှုံးရတာတွေ ရှိတယ်ဆိုရင်တောင်မှဘဲ တဖက်မှာလည်း ကျနော်တို့မှာ ကျနော်တို့ လိုချင်တဲ့ မျှော်မှန်းချက်ရှိတယ်ပေါ့။ အဲဒီအတွက် ကျနော် မားမားမတ်မတ်ရပ်မယ် ဒါပေမယ့် တပြိုင်နက်တည်းမှာဘဲ တနေမှာ ကျနော် ပရိတ်သတ်ဆီ ကျနော် သီချင်းဆိုနိုင်နေသေးတဲ့ အချိန်မှာပေါ့လေ ရောက်ကို ရောက်လာမယ်လို့ ကျနော်ယုံကြည်ပါတယ်။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024