ကေအိုင်အိုနယ်မြေအတွင်း တိုက်ပွဲများ ရပ်စဲပြီး နှစ်ဖက်ညှိနှိုင်းရန် ကေအန်ယူ တိုက်တွန်း
DVB
·
November 23, 2014
အေအိုင်အို နယ်မြေအတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်စဲပြီး နှစ်ဖက်စလုံးက ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က နိုဝင်ဘာ ၂၁ ရက်နေ့မှာ သဘောထား ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့အချိန်မှာ တိုက်ပွဲတွေ မဖြစ်သင့်သလို တိုက်ပွဲတွေကြောင့် သမ္မတ ဦးသိန်းစိန် ကြိုးပမ်းလုပ်ဆောင်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်မှု အစီအစဉ်ကို ထိခိုက်မှာ စိုးရိမ်တယ်လို့လည်း ကေအန်ယူက ဆိုပါတယ်။
အစိုးရစစ်တပ်ရဲ့ လက်နက်ကြီး ထိမှန်လို့ သေဆုံးခဲ့ရတဲ့ ကေအိုင်အို ဗိုလ်သင်တန်းကျောင်းက လူငယ်တွေအတွက် ၀မ်းနည်းကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ကေအိုင်အေရဲ့ ဗိုလ်လောင်းသင်တန်းကျောင်းကို တိုက်ခိုက်တာဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ကြံစည်ဆောင်ရွက်တာ ဖြစ်တယ်လို့ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ကြေညာချက် ထုတ်ပြန်ပြီး ပြောဆိုထားပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့က လိုင်ဇာမှာ ဖွင့်လှစ်ထားတဲ့ ကေအိုင်အေ ဗိုလ်သင်တန်း ကျောင်းကို ခရာဘွမ်တောင်ကြောပေါ်မှာ တပ်စွဲထားတဲ့ အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ရေးလေ့ကျင့်နေတဲ့ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားခဲ့ရတာပါ။