မြန်မာလက်ရွေးစင်ဘောလုံးအသင်း အုပ်စုတက်ရေး မလွယ်

1.8K
ဆူဇူးကီးဖလားပြိုင်ပွဲဝင် မြန်မာဘောလုံးအသင်းအနေနဲ့ အုပ်စုတက်ဖို့ မလွယ်ဘူးလို့ အားကစားကလောင်ရှင် ကိုစိုးညီက သုံးသပ်ပါတယ်။
မြန်မာအသင်းပါဝင်နေတဲ့ အုပ်စု (ခ) မှာ လက်ရှိချန်ပီယံလည်းဖြစ်၊ အိမ်ရှင်လည်းဖြစ်တဲ့ စင်ကာပူအပါအ၀င် ချန်ပီယံဖြစ်ဖူးတဲ့ ထိုင်း၊ မလေးရှားတို့နဲ့ တအုပ်စုတည်း ကျနေတာကြောင့် အုပ်စုကျပ်တယ်လို့ ဆိုပါတယ်။
မြန်မာဘောလုံးအသင်းရဲ့ ဆားဗီးယားနည်းပြ အေဗရာမိုဗစ်ရဲ့ ကစားကွက်နဲ့ နည်းဗျုဟာကို စောင့်ကြည့်ရမှာဖြစ်ပြီး လက်ရှိမြန်မာအသင်းရဲ့ ခြေစွမ်းကတော့ အားရစရာမရှိဘူးလို့လည်း သုံးသပ်ပြောပါတယ်။
အခု စင်ကာပူဆူဇူးကီးဖလားပြိုင်ပွဲဝင် မြန်မာအသင်းဟာ လက်ရွေးစင်အသင်းကြီးဖြစ်ပြီး အသင်းမှာ မြန်မာယူ ၁၉ အသင်းက ကစားသမားတွေဖြစ်တဲ့ အောင်သူ၊ သန်းပိုင်နဲ့ ငြိမ်းချမ်းအောင်တို့ ၃ယောက်ကို အားဖြည့်ထားပါတယ်။
ပြီးခဲ့တဲ့လထဲ လာအိုနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆုဇူးကီးဖလားခြေစစ်ပွဲဝင် မြန်မာလက်ရွေးစင် အသင်းကြီးရဲ့ ကစားပုံနဲ့ ကြိုးစားအားထုတ်မှုတို့အပေါ် ပရိသတ် အကြိုက် မတွေ့ခဲ့ဘဲ ကစားသမားတွေ စုစုစည်းစည်း မရှိကြတာလည်း တွေ့ခဲ့ရပါတယ်။
ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာလက်ရွေးစင်အသင်းဟာ ပြိုင်ပွဲမတိုင်မီက ကာတာနိုင်ငံမှာ ကာတာကလပ်အသင်းတွေနဲ့ ခြေစမ်းပွဲတွေ သွားရောက်ကစားခဲ့ပါသေးတယ်။
နိုဝင်ဘာ ၂၃ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှာတော့ မြန်မာအသင်းဟာ မလေးရှား လက်ရွေးစင်အသင်းနဲ့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားဖို့ရှိပါတယ်။
အဲ့ဒီပွဲကစားတဲ့ မြန်မာလက်ရွေးစင်အသင်းခြေစွမ်းကိုကြည့်လိုက်ရင် မြန်မာအုပ်စုတက် မတက် ပြောလို့ရနိုင်တဲ့ အနေအထားရှိပါတယ်။ နောက်ပွဲတွေမှာ ထိုင်း၊ စင်ကာပူအသင်းတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဆူဇူးကီးဖလားပြိုင်ပွဲမှာ မြန်မာအသင်း တကြိမ်တခါမှ ဗိုလ်စွဲဖူးတာမရှိဘဲ ၂၀၀၄ ခုနှစ်ကတကြိမ် အကြိုဗိုလ်လုပွဲ ရောက်ခဲ့ဖူးပါတယ်။
မြန်မာအသင်း ပါဝင်မယ့် ပွဲစဉ်တွေကို မြန်မာ့ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။
အွန်လိုင်းကနေ ကြည့်ရှုနိုင်မည့် Link များ
https://www.facebook.com/mrtvwebmediaportal/app_142371818162
https://new.livestream.com/accounts/4723117/events/2253791
http://www.mrtv.gov.mm/
