ကိုလံဘီယာဘောလုံးကလပ် အန်ဗီဂါဒိုကို နာမည်ပျက်စာရင်းသွင်း
Published By
DVB | 20 November, 2014
814
0
Share
0
Comment
0
Likes

ကိုလံဘီယာ ဘောလုံးကလပ် အန်ဗီဂါဒို Envigado ဟာ မူးယစ်ကုန်ကူး အုပ်စုတွေရဲ့ ငွေမည်းတွေကို ငွေဖြူအဖြစ် ပြောင်းလဲပေးရာမှာ အကူအညီပေးနေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကြေညာပြီး နာမည်ပျက်စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။
ဘောလုံးကလပ် အသင်းပိုင်ရှင်ဟာ အိုဖီစီနာ ဒီ အန်ဗီဂါဒို ရာဇ၀တ်ဂိုဏ်းရဲ့ မူးယစ်ကုန်သွယ်မှု၊ အကျပ်ကိုင်မှုနဲ့ ကြေးစား လူသတ်မှုကနေ ရတဲ့ ငွေတွေကို ဘောလုံးအသင်း နာမည်အောက်မှာ ဖုံးကွယ်ပေးထားတယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနလက်အောက်က နိုင်ငံရပ်ခြား အရင်းအမြစ် ထိန်းချုပ်ရေးရုံး (OFAC) ရဲ့ ကြေညာချက်က ဆိုပါတယ်။
ဘယ်အချိန်တုန်းက အခုလို ငွေကြေးခ၀ါချမှုကို ဆောင်ရွက်ခဲ့သလို ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။
အသင်းရဲ့ ရှယ်ယာရှင် ဂျူအန် ပက်လို အာပေဂွီက ဒီကိစ္စနဲ့ပတ်သက်လို့ သူဘာမှ မသိဘဲ၊ သတင်းမှာတွေ့တော့ အံ့သြမိတယ်လို့ ပြောပါတယ်။
အန်ဗီဂါဒို အသင်းဟာ မက်ဒဲလင်းမြို့မှာ အခြေစိုက်ပြီး ကိုလံဘီယာနိုင်ငံရဲ့ ထိပ်တန်းအသင်းတသင်း ဖြစ်ပါတယ်။