အီဘိုလာ အပြင်းထန်ခံစားနေရသည့် ဆီရာလီယွန်ဆရာဝန်ကို အထူးလေယာဉ်ဖြင့် အမေရိကန်ပို့

855
အီဘိုလာရောဂါ အပြင်းအထန် ခံစားနေရတဲ့ ဆီရာလီယွန်လူမျိုး ဆရာဝန်ကို မနေ့က အထူးလေယာဉ်နဲ့ အမေရိကန် ပြည်ထောင်စုကို ပို့ဆောင်လိုက်ပါတယ်။
သူ့ကို နီဘရာစကာ ဆေးရုံမှာ ဆေးကုသမှာ ဖြစ်ပါတယ်။ အသက် ၄၄ နှစ်အရွယ် ဒေါက်တာ မာတင် ဆာလီယာဟာ အမေရိကန်ပြည်ထောင်စုမှာ ဆေးကုသခဲ့သမျှ အီဘိုလာ ရောဂါသည်တွေထဲမှာ ဝေဒနာ အပြင်းထန်ဆုံး ခံစားနေရသူဖြစ်တယ်လို့ ဆေးရုံရဲ့ ကြေညာချက်က ဆိုပါတယ်။
ဒေါက်တာ ဆီလီယာဟာ ယူနက်တိုက် မက်သိုဒစ် ဘုရားကျောင်းရဲ့ ကစ်စီဆေးရုံမှာ တာဝန်ထမ်းဆောင်နေတုန်း အီဘိုလာရောဂါ ကူးစက်ခံရတာကို အတည်ပြုနိုင်တာဖြစ်ပါတယ်။
သူ့ကို အမေရိကန် ပြည်ထောင်စုဆီ ခေါ်ပြီး ဆေးကုသပေးဖို့အတွက် အမေရိကန်နိုင်ငံသူ မေရီလန်းမှာ နေထိုင်တဲ့ သူ့ဇနီးက မေတ္တာရပ်ခံခဲ့တာပါ။
ဆေးကုသမှု ကုန်ကျစရိတ်တွေကိုလည်း ဇနီးသည်ကပဲ ကျခံဖို့ သဘောတူထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဆိုပါတယ်။
ဒေါက်တာ ဆာလီယာဟာ အမေရိကန် ပြည်ထောင်စုမှာ ဆေးကုသမှုခံယူရတဲ့ ၁၀ ယောက် မြောက် လူနာဖြစ်ပါတယ်။
အရင်က အီဘိုလာ လူနာ ၉ ယောက်ထဲက ၈ ယောက်ကို အောင်မြင်စွာ ကုသနိုင်ခဲ့ပါတယ်။
အခု ဒေါက်တာ ဆာလီယာကို ကုသမယ့် နီဘရာစကာ ဆေးရုံမှာလည်း အရင်က အီဘိုလာ လူနာ နှစ်ယောက်ကို ကုသမှုပေးခဲ့ဖူးပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ အီဘိုလာရောဂါကို ကုသပေးဖို့ ဆေးရုံလေးရုံကို ပြည်ထောင်စု အစိုးရက အတည်ပြုပေးထားပါတယ်။
