ကမ္ဘာ့ပထမဆုံး အများပြည်သူသွား စက်ဘီးလမ်း နယ်သာလန်တွင် ဖွင့်လှစ်

1.1K
နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေ ခင်းထားတဲ့ ကမ္ဘာ့ပထမဆုံး အများပြည်သူသွား စက်ဘီးလမ်းကို နယ်သာလန်နိုင်ငံမှာ စတင် ဖွင့်လှစ်လိုက်ပါတယ်။
မြို့တော် အမ်စတာဒမ်ရဲ့ ဆင်ခြေဖုံးရပ်ကွက် ၂ ခုကို ချိတ်ဆက်ထားတဲ့ နေစွမ်းအင်လမ်းဟာ ၂ လမ်းသွားဖြစ်ပြီး မီတာ ၇၀ ရှည်ပါတယ်။
နေ့စဉ် စက်ဘီးစီးသူ အယောက် ၂ ထောင်လောက် ဖြတ်သွားနေတဲ့ လမ်းပါ။ ဒီလမ်းကို နယ်သာလန် လက်တွေ့အသုံးချသိပ္ပံသုတေသနအဖွဲ့ TNO က ပုံစံထုတ်တာပါ။
ဘဏ္ဍာရေးဝန်ကြီး ဟန့်ခ်ကမ့်က မီဒီယာတွေရှေ့မှာ လမ်းကို နိုဝင်ဘာ ၁၂ ရက်နေ့က ဖွင့်ပေးခဲ့ပါတယ်။ ဒီလမ်းဟာ စီးပွားရေးအရ တွက်ခြေကိုက်တာတော့ မဟုတ်ဘူးလို့လည်း သူက ဝန်ခံခဲ့ပါတယ်။
“ဒီလမ်းအတွက် အချိန်ငါးနှစ်သုံးခဲ့ပြီး တအားကြိုးစားခဲ့တယ်၊ အနာဂတ်မှာ စီးပွားရေးအရ တွက်ခြေကိုက်လာတဲ့အထိ ဆက်လုပ်သွားမယ်” လို့ သူက ပြောပါတယ်။
လမ်းမျက်နှာပြင်ပေါ် နေရောင်အပြည့် အများဆုံးရရေး အာမခံနိုင်ဖို့ အညစ်အကြေးတွေကို မိုးနဲ့အတူ ဆေးချရာမှာ ကူညီပြီး အမြဲသန့်ရှင်းနေစေဖို့ လမ်းမျက်နှာပြင်ကို ပြောင်ချောဖြစ်အောင် မကပ်ငြိစေတဲ့အလွှာနဲ့ ဖုံးထားပြီး မျက်နှာပြင်ကိုလည်း နည်းနည်း စောင်းထားပါတယ်။
ပုံစံထုတ်သူကတော့ ငါးနှစ်အတွင်း စီးပွားရေးအရ တွက်ခြေကိုက်တဲ့ စက်ဘီးလမ်းတွေ အများအပြား ထုတ်လုပ်နိုင်ဖို့ ယုံကြည်တယ်လို့ ဆိုပါတယ်။
ဆိုလာလမ်းတွေကို ကွန်ကရစ်တုံးတွေပေါ်မှာ ၁ စင်တီမီတာ ထူတဲ့ အလင်းဖောက်နိုင်ပြီး အပူအအေးပြောင်းလဲမှုဒဏ် ခံနိုင်တဲ့ ဖန်ပြားအလွှာနဲ့ ဖုံးအုပ်ထားပါတယ်။
ကနဦးစမ်းသပ်ထုတ်လုပ်မှုက အမေရိကန်ဒေါ်လာ ၃.၇၅ သန်း ကုန်ကျပြီး ဒေသခံအာဏာပိုင်တွေက ရန်ပုံငွေ ထုတ်ပေးခဲ့ပါတယ်။


