အမေရိကန်ကျောင်းများတွင် သေနတ်ပစ်ခတ်မှုကို သတိပေးမည့် လုံခြုံရေးစနစ်သစ် မိတ်ဆက်

1K
အမေရိကန်နိုင်ငံတွင်း ကျောင်းတွေမှာ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ချိန်မှာ အာဏာပိုင်တွေနဲ့ ကျောင်းအုပ်ချုပ်သူတွေကို တပ်လှန့်သတိပေးမယ့် အမေရိကန်ရဲ့ ပထမဆုံး လုံခြုံရေးစနစ်သစ်ကို မိတ်ဆက်လိုက်ပါတယ်။
မက်ဆာချူးဆက်ပြည်နယ်က ကျောင်းတကျောင်းမှာ ပစ်ခတ်သူထောက်လှမ်းရေးစနစ်ကို တပ်ဆင်လို်က်တာပါ။
အမေရိကန်စစ်တပ်က စစ်ပွဲဖြစ်ပွားရာဒေသတွေမှာ သုံးတဲ့စနစ်ကို အတုခိုး ဆင့်ပွား ထားတဲ့ ဒီနည်းပညာကို နိုင်ငံတလွှား ကျောင်းတွေနဲ့ တခြားအများသူငါ သွားလာရာနေရာတွေမှာ ဈေးကွက်ရှာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက် စစ်ပြန်စစ်မှုထမ်းနေ့ အားလပ်ရက်အတွင်း မေသူအန်မြို့ အာဏာပိုင်တွေဟာ ကျောင်းပိတ်ထားချိန် ကျောင်းခန်းမလမ်းထဲမှာ အမျိုးသားတယောက်ကို ပစ်ခတ်ခိုင်းပြီး ဒီစနစ်ကို စမ်းသပ်ခဲ့ပါတယ်။
သေနတ်သံ ထွက်လာတာနဲ့ စနစ်က ပစ်ခတ်တဲ့နေရာကို ဖော်ပြပြီး ရဲဆီကိုရော ကျောင်းအုပ်ချုပ်ရေးမှူးဆီကိုပါ အကြောင်းကြားခဲ့တာပါ။
ဒါကြောင့် ပစ်ခတ်ရာ နေရာကို ရှာချိန် သက်သာခဲ့တယ်လို့ မေသူအန် ပြည်သူပိုင် ကျောင်းများ ကြီးကြပ်ရေးမှူး ဂျူဒီ စကန်နေးလ်က ပြောပါတယ်။
စစ်ပွဲသုံးနည်းပညာကို ကျောင်းတွေမှာ သုံးရတာ ဝမ်းနည်းစရာကောင်းတယ်လို့လဲ သူက ပြောပါတယ်။
လတ်တလော ဆယ်စုနှစ်တွေအတွင်း အမေရိကန်ကျောင်းတွေမှာ လုံခြုံရေးတိုးမြှင့် ချထားခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ် ၁ နှစ်တည်းမှာ နယူးအင်္ဂလန်ပြည်နယ် နဲ့ ကော်နက်တိကန်ပြည်နယ်တို့မှာ သေနတ်သမား ပစ်ခတ်မှု ၂ ခုကြောင့် ကျောင်းသား ၂၈ ယောက် သေဆုံးခဲ့ရပါတယ်။
