Home
မေးမြန်းခန်း
“ဆွေမျိုးကောင်းစားဖို့ မျှော်ကိုးရင်း၊ အိမ်နီးချင်းတွေရဲ့ကောင်းကျိုးချမ်းသာကို မျှော်လင့်တယ်” - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟိုလန်
DVB
·
November 11, 2014
မြန်မာနိုင်ငံကို မကြာမီ ရောက်ရှိလာတော့မယ့် တရုတ်ဝန်ကြီးချုပ် လီကီချန်းရဲ့ တရားဝင်ခရီးစဉ်ဟာ အစိုးရသစ် ပေါ်ပေါက်လာပြီးနောက်မှာ တရုတ်ဝန်ကြီးချုပ်တယောက်ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ် ဖြစ်ပါတယ်။ ဒါဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို မြှင့်တင်ပေးရာမှာ သိသာထင်ရှားတဲ့ အရေးပါမှုကိစ္စတရပ် ဖြစ်တဲ့အပြင် ကျယ်ပြန့်တဲ့ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်တဲ့ မိတ်ဖက်ဖြစ်အောင် တွန်းအားပေးနေတာလဲ ဖြစ်တယ်လို့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးအကြို အထူးအင်တာဗျူးမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟိုလန်က ဆင်ဟွာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ တရုတ်သံအမတ်ကြီး ယန်ဟိုလန်ရဲ့ တရုတ်မြန်မာဆက်ဆံရေးနဲ့ ပတ်သက်ပြီး ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ Chinese Ambassador Yang Houlan Myanmar မြန်မာနိုင်ငံမှာ ကျင်းပတော့မယ့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခေါင်းဆောင်များရဲ့ အစည်းအဝေးတွေမှာ ၀န်ကြီးချုပ် လီ တက်ရောက်ခြင်းဟာ အရှေ့အာရှ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားပေးခြင်းနဲ့ ဒေသတွင်း ငြိမ်းချမ်း တည်ငြိမ်တဲ့ အခြေအနေကို ထိန်းသိမ်းခြင်းတွေအတွက် အလွန် အရေးပါပါတယ် လို့ သံအမတ်ကြီး ယန် က ပြောပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးဟာ အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးမှုပုံစံတခုကို ထိန်းသိမ်းထားရင်း သမိုင်းတွင်တဲ့ ခေတ်သစ်တခုထဲ ရောက်ရှိနေပါပြီ လို့လဲ သံအမတ်ကြီးက ဆိုပါတယ်။ ၂၀၁၁ ခုနှစ်မှာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ ကျယ်ပြန့်တဲ့ မဟာဗျူဟာကျကျ ပါဝင်ပူးပေါင်းဆောင်ရွက်တဲ့ မိတ်ဖက်အဖြစ် ထူထောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ လုံခြုံရေးနဲ့ နိုင်ငံတကာနဲ့ ဒေသတွင်းရေးရာကဏ္ဍတွေကို လွှမ်းခြုံပြီး အနာဂတ် ဆက်ဆံရေးဖွံ့ဖြိုးမှုကို ဦးတည်မယ့် လမ်းပြမြေပုံတခု ဖြစ်လာစေရေး အကောင်အထည်ဖော်မှု ဆိုင်ရာ လုပ်ငန်းစီမံချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ၂ နိုင်ငံရဲ့ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်တွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေအကြား ချစ်ကြည်ရင်းနှီးဖလှယ်ရေးမှာ နက်ရှိုင်းတဲ့ တိုးတက်မှုတွေနဲ့အတူ အဆင့်မြင့် ဖလှယ်မှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်လို့ ယန်က ပြောပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ အဆင့်မြင့်မြင့် အပြန်အလှန် ဖြည့်စွက်ပေါင်းစည်းခြင်းက သိသာထင်ရှား ပေါ်လွင်နေတယ်လို့လည်းဆိုပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက်လဲဖြစ်၊ ပြည်ပရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်လဲတာနဲ့အညီ ၂ နိုင်ငံ အပြန်အလှန် အကျိုးတူပူးပေါင်းဆောင်ရွက်မှု အလားအလာတွေကလဲ အပြုသဘော ဆောင်နေပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ လူမှုယဉ်ကျေးမှုဆိုင်ရာ ပညာရေးကဲ့သို့ ချစ်ကြည်ရေး ဖလှယ်မှုကတဆင့် ရရှိထားတဲ့ ကြွယ်ဝသော အောင်မြင်မှုများနဲ့အတူ ယဉ်ကျေးမှုဆိုင်ရာ တူညီချက်တွေ ရှိနေပါတယ်။ တရုတ် ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံဆီ အဖူးမြော်ခံဖို့ ပင့်ဆောင်ကြွချီမှုတွေလဲ အကြိမ်ကြိမ် ရှိခဲ့တာပါ။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်နဲ့ ၇ ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွေကို အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာဟာ ၂ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ အားကစား ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ထင်ရှားပေါ်လွင်တဲ့ အခန်းကဏ္ဍတရပ် ဖြစ်လာခဲ့ပါတယ်။ တရုတ်-မြန်မာ စီးပွားရေးနဲ့ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးကိစ္စကို ပြောဆိုရာ မှာတော့ လတ်တလောမှာ တရုတ်စီးပွားရေးလုပ်ငန်းတွေက ဆောင်ရွက်နေတဲ့ နည်းပညာ ဆိုင်ရာ ထုတ်ကုန်တွေ၊ အခြေခံအဆောက်အဦဆိုင်ရာ လုပ်ငန်းတွေ၊ သတင်းအချက်အလက်၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ လုပ်ငန်းစီမံဖွဲ့စည်းမှုနဲ့ ယဉ်ကျေးမှု ကဏ္ဍတွေ လွှမ်းခြုံပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍတွေ အများကြီး ရှိနေပါတယ် လို့ ယန်က ပြောပါတယ်။ တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလို နှစ်ဦးနှစ်ဖက်လုံး အကျိုးစေရှိမယ့် စီမံကိန်းတွေ ရှိရုံသာမက ပြည်သူတွေရဲ့ နေ့စဉ်ဘ၀တွေကို တိုက်ရိုက် အကျိုးအမြတ် ရရှိစေမယ့် လယ်ယာနဲ့ အခြေခံအဆောက်အဦဆိုင်ရာလုပ်ငန်းတွေလဲ ရှိနေတာပါ။ တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ အပြန်အလှန် ဖြည့်စွက်ပေါင်းစည်းရေးအတွက် ခိုင်မာအားကောင်းတဲ့ ဆက်ဆံရေးတရပ်နဲ့ ကျယ်ပြောတဲ့ ပူးပေါင်းဆောင်ရွက်ရေး အလားအလာလဲ ရှိနေတဲ့အပြင် ကျယ်ပြန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု မျှော်လင့်ချက်တွေလဲ ရှိထားပါတယ် လို့ သူက ပြောပါတယ်။ အပြန်အလှန် အကျိုးအမြတ် ရှိစေတဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဟာ ၂ ဖက်လုံးကို လက်တွေ့ အကျိုးဖြစ်စေပြီး ၂ နိုင်ငံ ပြည်သူတွေရဲ့ အခြေခံကျတဲ့ အကျိုးစီးပွားနဲ့ လည်း ကိုက်ညီ စေပါတယ်။ ၂၀၁၃ ခုနှစ်မှာ တရုတ်နဲ့မြန်မာ အကြား ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၁၅ ဘီလီယံပမာဏအထိ ရှိလာခဲ့ပြီး ဒါဟာ ၂၀၀၃ ခုနှစ်က ကိန်းဂဏန်းတွေနဲ့ယှဉ်ရင် လုံးဝခြားနားသွားပါပြီ။ ၂၀၁၄ ပထမ ၉ လမှာ ၂ နိုင်ငံ ကုန်သွယ်မှုတန်ဖိုးက ၁၇ ဒသမ ၇၅ ဘီလီယံ ဒေါ်လာ ထိ ရှိလာခဲ့ပြီး၊ ၂၀၁၃ ခုနှစ်က ကာလတူ အခြေအနေနဲ့ယှဉ်ရင် ၁၈၅ ဒသမ ၁ ရာခိုင်နှုန်း တိုးလာတာပါ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အကြီးဆုံး ကုန်သွယ်ဖက်၊ သွင်းကုန်ဈေးကွက် ပထမနေရာနဲ့ ပို့ကုန်ဈေးကွက် ဒုတိယနေရာအဖြစ် ရပ်တည်နေပြီး မနှစ်က တရုတ်-မြန်မာ ကုန်သွယ်ရေးဟာ မြန်မာပြည် နိုင်ငံရပ်ခြားကုန်သွယ်မှုရဲ့ ၃၀ ရာခိုင်နှုန်း ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ဦးတည်သတ်မှတ်ထားတဲ့ အရေးပါတဲ့ နိုင်ငံခြားတိုင်းပြည်တွေထဲက တနိုင်ငံလည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကုန်ပိုင်းမှာ တရုတ်ပြည်မကြီးက ကုမ္ပဏီတွေရဲ့ ညှိနှိုင်းပေါင်းစပ်ရရှိထားတဲ့စာရင်းအရ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃၇ ဘီလီယံရှိနေတာဟာ မြန်မာနိုင်ငံရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု ၃၂ ဒသမ ၅ ရာခိုင်နှုန်း ရှိတယ်လို့ပြသနေပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ သိပ်ကိုများပြားလွန်းတဲ့ ပမာဏကြီးက သိသိသာသာ စုပြုံအောတိုက် ၀င်ရောက်လာတာလဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အသွင်ကူးပြောင်းရေး နောက်မှာ တရုတ်-မြန်မာ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ပြည်တွင်းနဲ့ ပြည်ပ နှစ်မျိုးစလုံးက ရောက်လာတဲ့ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရပြီလို့လဲ တရုတ်သံအမတ်က ပြောပါတယ်။ ဒါတွေကို ရင်ဆိုင်နေရာမှာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံနေတဲ့ တရုတ် စီးပွားရေးလုပ်ငန်းတွေဟာ လူမှုရေးပိုင်းဆိုင်ရာ တာဝန်ယူမှုတွေကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနေချိန်မှာပဲ ရှုပ်ထွေးလှတဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ သူတို့စွမ်းရည်တွေကို စဉ်ဆက်မပြတ် မြှင့်တင်နေရပြီး မြန်မာနိုင်ငံရဲ့ လူမှုယဉ်ကျေးမှု၊ ဥပဒေတွေနဲ့ မူဝါဒတွေကို အလေးထားလေ့လာ ဂရုပြုနေရတယ်လို့လဲ သူက ဆိုပါတယ်။ တခြားတဖက်မှာဆိုရင်လည်း သူတို့ဟာ သူတို့ရဲ့စီမံကိန်းတွေရဲ့ ပွင့်လင်းမြင်သာမှုအဆင့်ကို တိုးမြှင့်ရင်း လူထုကြားကို အားကောင်းကောင်းနဲ့ ပျံ့နှံ့ဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်နေကြပါတယ်။ မြန်မာနိုင်ငံရဲ့ စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲမှုနဲ့အတူ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် အသိုင်းအ၀န်းဟာ ပို၍ပို၍ စည်ပင်ဖွံဖြိုးလာမှာဖြစ်ပြီး၊ တရုတ်စီးပွားရေး လုပ်ငန်းတွေဟာလည်း ဒေသခံအသိုင်းအ၀န်းထဲ ပိုမို ကောင်းမွန်စွာ ပေါင်းစည်းရောနှောလာလိမ့်မယ်၊ အဲဒါကြောင့် ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အနာဂတ် အလားအလာတွေဟာ ၂ နိုင်ငံပြည်သူတွေဆီ ကြွယ်ဝချမ်းသာမှုတွေကို ဆောင်ကြဉ်းပေးရင်း၊ အကောင်းဘက်ကို ဦးတည် ဖွံ့ဖြိုးတိုးတက်စေလိမ့်မယ်လို့ ယန်က ယုံကြည်နေပါတယ်။ “ဆွေမျိုးကောင်းစားဖို့မျှော်ကိုးရင်း၊ အိမ်နီးချင်းတွေရဲ့ကောင်းကျိုးချမ်းသာကို မျှော်လင့်တယ်” ဆိုတဲ့ နာမည်ကျော် တရုတ်အဆိုအမိန့်တခုကို ကိုးကားရင်း၊ သံအမတ် ယန် ပြောတာကတော့ တရုတ်နိုင်ငံဟာ ငြိမ်းချမ်းတည်ငြိမ်ပြီး ဖွံဖြိုးဝေစည်တဲ့ ရင်းနှီးချစ်ခင်စရာ မြန်မာနိုင်ငံကို မြင်တွေ့ရဖို့ မျှော်လင့်ပါတယ် တဲ့။ အနာဂတ်ကို ကြိုတင်မျှော်မှန်းရင်း တရုတ်-မြန်မာ ဆက်ဆံရေးဟာ အရင်က မရနိုင်ခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေကိုလဲ ရင်ဆိုင်နေရတယ် လို့ သူက ပြောပါတယ်။ ပထမဆုံးအနေနဲ့ တရုတ်အစိုးရဟာ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒထဲမှာ အိမ်နီးချင်းနိုင်ငံတွေကို ထိပ်တန်းဦးစားပေးအဆင့်မှာ ထားရှိပြီး၊ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပတ်ဝန်းကျင်နိုင်ငံတွေကို ပိုမိုအကျိုးရှိအောင် သူတို့နဲ့ အတူပူးပေါင်း အားစိုက်လုပ်ဆောင်နေပါတယ်။ ဒုတိယအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးရာ အသွင်ကူးပြောင်းမှုနဲ့ အမျိုးသား ရင်ကြားစေ့ရေးတို့ရဲ့ အပြုသဘောဆောင် အောင်မြင်မှုဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် ပိုမိုကျယ်ပြန့်တဲ့ အနေအထားနဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ တတိယအနေနဲ့ နေ့စဉ်နဲ့အမျှ ပိုမိုနီးကပ်လာတဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဟာ နှစ်ဖက်ပြည်သူတွေရဲ့ ချစ်ခင်ရင်းနှီးမှုကို ဝေမျှပေးဖို့အတွက် ကောင်းမွန်တဲ့ ပြည်သူ့အမြင် သဘောထားအခြေခံအဖြစ် ဆောင်ရွက်ပေးနေပါတယ်။ စတုတ္ထအနေနဲ့ကတော့ တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ရဲ့ ပူးတွဲ သဘောတူထောက်ခံကြသူတွေ ဖြစ်တာကြောင့် နိုင်ငံတကာနဲ့ ဒေသတွင်း ကိစ္စရပ် အတော်များများနဲ့ပတ်သက်ပြီး တူညီနီးကပ်တဲ့ ရပ်တည်ချက်တရပ်ကို ကိုင်စွဲထားပြီး အမြဲလိုလို ထိရောက်တဲ့ ပြောဆိုဆက်ဆံရေးနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေကိုလဲ ထိန်းသိမ်းထားပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံအကြား ကျယ်ပြန့်ပြီး မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်အဖြစ် နောက်ထပ် ပိုမိုအားကောင်းစေဖို့ ဆောင်ရွက်ခြင်းဟာ ၂ နိုင်ငံ အကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ ကမ္ဘာနဲ့ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု တိုးမြင့်စေဖို့အတွက် သိသာထင်ရှားစွာ အရေးပါတာကြောင့် သံအမတ်ကြီး ယန်ဟာ လက်ရှိ ရှုပ်ထွေး နက်ရှိုင်းပြောင်းလဲနေတဲ့ နောက်ခံ နိုင်ငံတကာ အခြေအနေတွေအတွက် ပူပင်သောက ၇ှိမနေပါဘူး။ မူရင်း သတင်းရင်းမြစ် http://english.peopledaily.com.cn
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024