ပြည်ဝင်ခွင့်အစီအစဉ်သစ် အကောင်အထည်ဖော်ရန် တရုတ်နှင့် အမေရိကန်ကြား သဘောတူ

အမေရိကန်သမ္မတ အိုဘားမားနှင့် တရုတ်သမ္မတ ရှီကျင့်ပင် တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - AFP)
1.3K
တရုတ်နဲ့ အမေရိကန်အစိုးရတွေဟာ သူတို့နိုင်ငံသားတွေအတွက် ရေတိုပြည်ဝင်ခွင့် အချက်အလက်တွေကို သိသိသာသာ သက်တမ်းတိုးဖို့ သဘောတူခဲ့ပြီးပြီလို့ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက တရုတ်နိုင်ငံ မြို့တော် ပီကင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က ပြောပါတယ်။
[caption id="attachment_70500" align="alignright" width="424"]
အမေရိကန်သမ္မတ အိုဘားမားနှင့် တရုတ်သမ္မတ ရှီကျင့်ပင် တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - AFP)[/caption]
ပြည်ဝင်ခွင့်အစီအစဉ်သစ်ကို အကောင်အထည်ဖော်ရေး တရုတ်နဲ့ အမေရိကန်ကြား သဘောတူခဲ့ကြောင်း ကြေညာရတာ သိပ်ကျေနပ်တယ်လို့လည်း သူက ပြောပါတယ်။
ဒီအချက်ကနေ ကျောင်းသား ခရီးသွားကနေ အသေးစားနဲ့ အကြီးစား စီးပွားရေးတွေအထိ လူတိုင်းအတွက် အကျိုးရှိမယ်။ ခုတော့ ကျောင်းသားဖလှယ်ရေး ပြည်ဝင်ခွင့်က ၅ နှစ်ထိ သက်တမ်းတိုးပြီး စီးပွားရေးနဲ့ ခရီးသွား ပြည်ဝင်ခွင့်က ၁၀ နှစ်ထိ သက်တမ်းတိုးနိုင်မယ်လို့ အိုဘားမားက အာရှပစိဖတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အေပက်ဖိုရမ်မှာ စီးပွားရေးခေါင်းဆောင်တွေကို ပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့မှာ စတင်သက်ရောက်မယ့် ပြည်ဝင်ခွင့်အစီအစဉ်ဟာ ၂ နိုင်ငံလုံးက ပိုနီးစပ်တဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေး ဆက်ဆံမှုတွေအတွက် အားထုတ်မယ်လို့ ကတိပြုအပြီး ပေါ်ထွက်လာတာပါ။
တရုတ်ခရီးသည်တွေဟာ အမေရိကန်တွေအတွက် အလုပ်အကိုင်ဖန်တီးရာမှာ အပြုသဘော ထည့်ဝင်နေပြီး အမေရိကန်ကို စီးပွားတက်စေလို့ တရုတ်ရဲ့ ကြွယ်ဝ ငြိမ်းချမ်း တည်ငြိမ်မှုကို အမေရိကန်က ကြိုဆိုကြောင်းလည်း အိုဘားမားက ပြောပါတယ်။
ကျနော်တို့ စီးပွားရေးမှာ ပြိုင်ကြတယ်ဆိုပေမယ့် စိန်ခေါ်မှုတွေနဲ့ အခွင့်အရေးတွေကို မျှဝေဖို့ ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းရှာနေတယ်လို့လည်း အိုဘားမားက ဆက်ပြောပါတယ်။
ကမ္ဘာ့အကြီးဆုံးစီးပွားရေး ၂ နိုင်ငံအနေနဲ့ တရုတ်နဲ့ အမေရိကန် အတူအလုပ်လုပ်နိုင်ရင် တကမ္ဘာ့လုံး အကျိုးရှိမယ်လို့လည်း သူက ဆက်ပြောပါတယ်။
တရုတ်နိုင်ငံဟာ အိုဘားမားရဲ့ ၈ ရက်ကြာ အာရှခရီးစဉ်အတွင်း ပထမဆုံးနိုင်ငံ ဖြစ်ပြီး အဲဒီနောက် မြန်မာနဲ့ သြစတြေးလျနိုင်ငံတို့ကို ဆက်သွားမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံတွင်း ၃ ရက်ကြာ နေထိုင်တုန်း အိုဘားမားဟာ တရုတ်သမ္မတ ရှီကျင့်ပင်းနဲ့ သီးသန့် ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
