နိုင်ငံတကာရုပ်သေးပွဲတော်တွင် ထွေးဦးမြန်မာရုပ်သေးအဖွဲ့ အကောင်းဆုံး လှုပ်ရှားသက်ဝင်မှု နည်းပညာဆု ရရှိ

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျင်းပတဲ့ ဟာမိုနီဝေါလ် နိုင်ငံတကာ ရုပ်သေးပွဲတော်မှာ မြန်မာနိုင်ငံက ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့က အကောင်းဆုံး လှုပ်ရှားသက်ဝင်မှု နည်းပညာဆုကို ရသွားပါတယ်။ 10805334_935350516479962_592951991_nဒီဆုနဲ့အတူ အမေရိကန်ဒေါ်လာ တထောင်ကိုလည်း ဆုကြေးအဖြစ် ရရှိပါတယ်။ ဘန်ကောက်မြို့လယ်က နေရာပေါင်း ၁၃ နေရာမှာ တပြိုင်တည်း ကျင်းပယှဉ်ပြိုင်ခဲ့တဲ့ ဒီပွဲမှာ မြန်မာရုပ်သေး အဖွဲ့ဟာ တော်ဝင်ဇာတ်ရုံမှာ ယှဉ်ပြိုင်ခွင့်ရတာ ဖြစ်ပါတယ်။ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့က ပွဲမကခင်မှာ ပရိသတ်ကို မြန်မာနိုင်ငံတွင်း ရုပ်သေး ကပြပုံ ဓလေ့ကို ရှင်းပြပါတယ်။ အဲဒီနောက် ရိုးရိုးတိရစ္ဆာန်​​တွေနဲ့ ဒဏ္ဍာရီလာ သတ္တဝါ​တွေရဲ့အက​တွေ အပြင် သောတ္ထိသန သမ္ဗူလဇာတ်တော်ကြီးကို နာရီဝက်ကြာ ကပြ ဖျော်ဖြေခဲ့ပါတယ်။ ဟာမိုနီဝေါလ်လို့ နာမည်ပေးထားတဲ့ နိုင်ငံတကာ ရုပ်သေးပွဲတော်ကို နိုင်ငံပေါင်း ၇၀ ကျော်က ရုပ်သေးအဖွဲ့ပေါင်း ၁၆၀ ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့တာပါ။

More News
Up