နှစ်နိုင်ငံ အာဏာရပါတီအကြား ဆက်ဆံရေး တိုးမြှင့်ရန် မြန်မာနှင့်တရုတ် ဆွေးနွေး
DVB
·
November 8, 2014
မြန်မာနဲ့ တရုတ် သမ္မတ ၂ ဦး တွေ့ဆုံပြီး နှစ်နိုင်ငံ အာဏာရပါတီအကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။
အာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေး အေပက်အဖွဲ့ ၀န်ကြီးအဆင့် ဆွေးနွေးပွဲအပြီး ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ တရုတ်နိုင်ငံ ဘေဂျင်းကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ဆုံခဲ့ကြတာပါ။
[caption id="attachment_70240" align="aligncenter" width="438"] သမ္မတ ဦးသိန်းစိန်နှင့် တရုတ်သမ္မတ[/caption]
တရုတ်သမ္မတ ရှီကျင့်ပင်က အာဏာရပါတီတွေ အချင်းချင်းကြားမှာ ဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ အစိုးရပိုင်း အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံတွေကို ဖလှယ်ဖို့၊ ယဉ်ကျေးမှု ဖလှယ်ရေးနဲ့ ပြည်သူအချင်းချင်း ဆက်ဆက်ရေး တိုးမြှင့်သင့်တယ်လို့ ပြောဆိုခဲ့ပြီး သမ္မတ ဦးသိန်းစိန်ကလည်း ဒီလို ဆက်ဆံရေးအတွက် အဆင်သင့် ရှိတယ်လို့ တုံ့ပြန်ကြောင်း ရိုက်တာသတင်းက ဆိုပါတယ်။
မြန်မာနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ခိုင်ခိုင်မာမာ ရပ်တည်သွားမယ်လို့လည်း တရုတ်သမ္မတက ဆွေးနွေးပွဲမှာ ပြောပါတယ်။
စီးပွားရေးနဲ့ ပတ်သက်လို့လည်း တရုတ်သမ္မတက ပိုးလမ်းမကြီး စီးပွားရေးနယ်မြေ၊ ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး တည်ဆောက်ဖို့ ကိစ္စမှာ တရုတ်နဲ့ မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်သင့်တယ်လို့ ပြောပါတယ်။
နောက်တပတ်ကျရင်လည်း တရုတ် ၀န်ကြီးချုပ် လီကီချမ်း မြန်မာပြည်ကို သွားရောက်တဲ့ အခါမှာ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်အကြီးအကဲတွေနဲ့ တွေ့ဆုံဖို့ ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ဖို့ မရှိဘူးလို့ တရုတ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့လ တရုတ်ပြည် ခရီးစဉ်ကိုလည်း လောလောဆယ် အတည်မပြုနိုင်သေးဘူးလို့ တရုတ် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။
အာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေး အေပက်အဖွဲ့ ၀န်ကြီးအဆင့် ဆွေးနွေးပွဲမှာတော့ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်သစ် တည်ဆောက်ဖို့နဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်က အာရှပစိဖိတ်ဒေသ လွတ်လပ်တဲ့ ကုန်သွယ်ရေးနယ်မြေ (FTAAP) ကို ဖော်ဆောင်ဖို့ တွန်းအားပေးနေတာကို တချို့က အမေရိကန်ရဲ့ ပစိဖိတ်လွှမ်းခြုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (TPP) နဲ့ အပြိုင်ဖြစ်ဖို့ ကြိုးစားနေတာလို့ မြင်ကြပါတယ်။
အမေရိကန်ရဲ့ အစီအစဉ်ထဲမှာ ၁၂ နိုင်ငံ ပါဝင်ပေမယ့် တရုတ်ကိုတော့ ချန်ထားခဲ့ပါတယ်။
အမေရိကန်ရဲ့ အစီအစဉ် အကောင်ထည် ပေါ်သွားရင် ဗီယက်နမ်ကနေ၊ ချီလီ၊ ဂျပန်အထိ လွတ်လပ်တဲ့ ကုန်သွယ်ရေး အဖွဲ့ကြီး ပေါ်ပေါက်လာဖွယ် ရှိပါတယ်။
ဒါဟာ လူဦးရေ သန်း ၈၀၀၊ ကမ္ဘာ့စီးပွားရေးရဲ့ ၄၀ ရာခိုင်နှုန်းကို ကိုယ်စားပြုမှာလည်း ဖြစ်ပါတယ်။
အမေရိကန်ကတော့ လက်ရှိ ညှိနှိုင်းမှုတွေ အခြေတကျ ဖြစ်သွားရင် နောက်ထပ် နိုင်ငံတွေလည်း ပစိဖိတ်လွှမ်းခြုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (TPP) အဖွဲ့မှာ ပူးပေါင်းနိုင်တယ်လို့ ပြောထားပါတယ်။
အေပက်အဖွဲ့ဟာ နိုင်ငံပေါင်း ၂၁ နိုင်ငံ ပါဝင်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း၊ စီးပွားရေး ထုတ်လုပ်မှုရဲ့ ၅၄ ရာခိုင်နှုန်း၊ ကုန်သွယ်ရေးရဲ့ ၄၄ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပါတယ်။