Home
မြန်မာသတင်း
စစ်အင်အားတိုးချမှုကြောင့် ဒုက္ခသည်များနေရပ်ပြန်ရေး အဟန့်အတားဖြစ်
DVB
·
November 8, 2014
တိုက်ပွဲတွေ လျော့နည်းသွားပေမယ့် စစ်တပ်အင်အား တိုးချဲ့ချထားတာဟာ ဒုက္ခသည်တွေ ပြန်လာဖို့ မလုံခြုံတာတွေ ဖြစ်နေတယ်လို့ နယ်စပ်တလျှောက် ကယ်ဆယ်စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (တီဘီစီ) က ထုတ်ပြန်ပါတယ်။ photoထိုင်းနိုင်ငံမှာ နေထိုင်တဲ့ ဒုက္ခသည်အနည်းစု မြန်မာနိုင်ငံကို ပြန်တာက အခြေအနေပြန်ကြည့်တာသာဖြစ်ပြီး နေရပ်စွန်ခွာ ထွက်ပြေးသူတွေရဲ့ အရေအတွက်က နည်းမသွားဘူးလို့ တီဘီစီ အမှုဆောင် ညွှန်ကြားရေးမှူး ဆယ်လီသွန် (မ်) ဆင်က ပြောပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပြည်တွင်းဒုက္ခသည် ၁ သိန်း ၁ သောင်းရှိမယ်လို့ ခန့်မှန်းထားသလို မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ ဒုက္ခသည် အရေအတွက်က ကျဆင်းသွားတာ မရှိဘူးလို့ ဆိုပါတယ်။ ၂၀၁၃ သြဂုတ်မှ ၂၀၁၄  ဇူလိုင်လအကြား နေရာပြောင်းရွှေ့ထွက်ပြေးနေရသူ ၉,၉၀၀ ကျော်ဟာ သူတို့ ကျေးရွာတွေကို ပြန်သွားသလို တခြားနေရာမှာ အခြေချနေထိုင်ပေမယ့် လူ ၄၂၀၀ က စစ်ပွဲကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု၊ သဘာဝဘေးအန္တရာယ်တွေကြောင့် အိုးအိမ်အခြေ ပျက်ရတယ်လို့လည်း အစီရင်ခံစာက ရေးပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်အတွင်း စစ်ပွဲတွေကြောင့် ဒုက္ခသည် အသစ်တွေ ထပ်ရှိလာတယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်ဆိုင်းဖို့နဲ့ တရားမျှတမှု တိုးတက်ဖို့အတွက် စစ်တပ်အင်အား လျှော့ချပေးတာ၊ တပ်ဖွဲ့တွေ ဆုတ်ခွာတာ လက်နက်ကိုင်အုပ်စုတွေကို ခွဲထားတာ ဒေသခံလူထုတွေက လိုလားနေတယ်လို့ ရေးပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အရေးပါတဲ့ လမ်းဆုံလမ်းခွကို ရောက်ရှိနေပြီး အသွင်ကူးပြောင်းရေးကို ဖြစ်ပေါ်စေမယ့် တနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာနိုင်သလို ပြိုကွဲပျက်စီးသွားနိုင်တယ်လို့လည်း တီဘီစီ အစီရင်ခံစာက ဖော်ပြပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာထွက်ပြေးသူတွေက မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲဖြစ်ပေါ်လာမှာကို မျှော်လင့်နေကြပါတယ်။ ၂၀၁၁ ခုနှစ် ပဏာမ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ စတင်ချိန်ကနေ စတင်ပြီး စစ်တပ်အင်အား တိုးချဲ့ချထားတာတွေဟာ ရပ်ဆိုင်းတာ မရှိဘူးလို့ ဆိုပါတယ်။ တပ်စခန်းတွေကို အားဖြည့်ဖို့ လမ်းဖောက်လုပ်တာ၊ သတ္တုမိုင်းတူးဖော်တာ၊ သစ်ထုတ်လုပ်တာ၊ စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းတွေကို ခွင့်ပြုပေးထားတာတွေနဲ့ ဆက်စပ်ပြီး မြေသိမ်းတာတွေ ဖြစ်ပေါ်နေတယ်လို့လည်း အစီရင်ခံစာက ရေးပါတယ်။ တီဘီစီဟာ ပဋိပက္ခကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို စားနပ်ရိက္ခာ၊ ခိုလှုံရာနေရာနဲ့ စခန်းစီမံခန့်ခွဲမှုတို့ကို ထောက်ပံ့ကူညီနေတာ နှစ်ပေါင်း ၃၀ နီးပါးရှိနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024