ဟောင်ကောင်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ပဋိပက္ခထပ်မံဖြစ်ပွား

847
ဟောင်ကောင်ဆန္ဒပြပွဲတွေ ရက်သတ္တ ၂ ပတ်ကြာ ငြိမ်သက်ခဲ့တာကနေ ဒီနေ့မနက်ပိုင်းက ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခပြန်ဖြစ်ခဲ့ကြပါတယ်။
ဆန္ဒပြသူတဦးကို ရဲတွေက ဆွဲခေါ်သွားတာကနေ ပဋိပက္ခစတင်ခဲ့တာပါ။
ဟောင်ကောင်ဆန္ဒပြပွဲတွေ နေရာ ၃ နေရာမှာ ဆက်လက်ဖြစ်ပွားနေပြီး အခု ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့နေရာကတော့ မွန်ကုပ်ရပ်ကွက်မှာပါ။
အနည်းဆုံး ဆန္ဒပြနေရာ ၂ နေရာမှာ ပဋိပက္ခတွေဖြစ်ပွားခဲ့တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ မျက်နှာဖုံးဝတ် ဆန္ဒပြသူ ၃၀ ကျော်ကလည်း ဆန္ဒပြသူတွေနဲ့ ပူးပေါင်းခဲ့ပါသေးတယ်။
ဆန္ဒပြသူတဦးက ကိုယ့်အိမ်ကိုယ့်ယာ၊ ကိုယ့်အရေးကိစ္စကို ဟောင်ကောင်မြို့သူမြို့သားတွေက ဆုံးဖြတ်ခွင့်မရှိဘဲ အစိုးရက နေရာတကာ လိုက်ချုပ်ကိုင်နေတာကြောင့် အခုလို တောင်းဆိုရတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
၁၉၉၇ ဟောင်ကောင်ကို ပြန်လည်လွှဲပြောင်းရယူချိန်က ဗြိတိန်အစိုးရကို ပေးခဲ့တဲ့ ကတိတည်ဖို့ တရုတ်ပြည်မအစိုးရကို ဟောင်ကောင်ပြည်သူတွေက တောင်းဆိုနေကြတာ ၂ လကျော်လာပြီဖြစ်ပါတယ်။
စက်တင်ဘာလဆန်း ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားခဲ့တုန်းက ဆန္ဒပြသူ ၁ သိန်းကျော်ခဲ့ပြီး ဟောင်ကောင်မြို့ရဲ့ စီးပွားရေး၊ အုပ်ချုပ်ရေး အချက်အခြာတွေကို ၁ လကျော်ကြာ သိမ်းပိုက်ဆန္ဒပြခဲ့ကြပါတယ်။
