Home
မြန်မာသတင်း
နိုဝင်ဘာလ ၁၀ ရက်ကနေ ၁၂ ရက်အထိ မိုးရွာသွန်းနိုင်
DVB
·
November 6, 2014
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်လောက်အထိ မိုးတွေ ဆက်လက်ရွာသွန်းနိုင် တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ဌာနက ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မိုးရေချိန် ၇ လက်မကနေ ၁၀ လက်မလောက် အထိ ရွာသွန်းနိုင်သလို ကျန်ဒေသတွေမှာ ၃ လက်မကနေ ၅ လက်မအကြားရွာသွန်းနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ဒု- ညွန်ကြားရေးမှူး ဦးကျော်လွင်ဦးက ခန့်မှန်းပြောဆိုပါတယ်။ cyclone-ivanလက်ရှိ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ မုန်တိုင်းငယ်တခုဖြစ်ပေါ်နေပြီး ဒီမုန်တိုင်းဟာ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၄၆၀ အကွာမှာ ရှိနေသလို မြောက်ဘက်ကို ဦးတည်ရွေ့လျားမယ်လို့ သူက ပြောပါတယ်။ “ကမ္ဘာလုံးဆိုင်ရာ မိုးလေ၀သ ခန့်မှန်းချက်တွေရဲ့ သုံးသပ်ချက်တွေအရတော့ ဒီမုန်တိုင်းဟာ ၂၄ နာရီ အတွင်းမှာ ဆိုက်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်ချေရှိပါတယ်။ ပြီးရင်တော့ အနောက် မြောက်ဘက် အိန္ဒိယနိုင်ငံဘက်ကို ဆက်လက်ရွှေ့လျားသွားနိုင်စရာ ရှိတယ် ဆိုပြီးတော့ သုံးသပ် ရရှိပါတယ်” လို့ ဦးကျော်လွင်ဦးက ပြောပါတယ်။ လက်ရှိဖြစ်နေတဲ့ မုန်တိုင်းငယ်က မြန်မာ့ ကမ်းရိုးတန်းကို ဦးတည်ရွှေ့လျားနေတဲ့ အခြေအနေ မရှိဘူးလို့ သူက ပြောပါတယ်။ မုန်တိုင်းငယ်ကြောင့် မြန်မာကမ်းရိုးတန်းမှာလည်း မိုးသက်လေပြင်းတွေ တိုက်ခတ်ပြီး လှိုင်းကြီးနိုင်သလို ကမ်းရိုးတန်းဒေသတွေမှာ နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။ နေလယ် ၁၂ နာရီခွဲ မိုးလေ၀သစခန်းတွေရဲ့ သတင်းပေးပို့ချက်တွေအရ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသ ရန်ကုန်၊ မအူပင် ဖျာပုံ၊ မှော်ဘီ၊ ပဲခူးမြို့နားက ဇောင်းတူမှာ မိုးသည်းထန်စွာ ရွာသွန်းနေတယ်လို့ ဦးကျော်လွင်ဦးက ပြောပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်းမှာတော့ ကော့သောင်းမြို့တောင်ဘက်ကတဆင့် ထိုင်း ပင်လယ်ကွေ့ကနေ ရွေ့လျားလာတဲ့ လေပွေလှိုင်းကြောင့် လေဖိအားနည်းရပ်ဝန်းတခု ထပ်မံဖြစ်ပေါ်လာနိုင်တာကို သုံးသပ်တွေ့ ရှိထားတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024