Home
မြန်မာသတင်း
ညှဉ်းပန်းမှု ဖြေရှင်းရန် ပျက်ကွက်ရင် ထိုင်းရဲ တရားစွဲခံရနိုင်
DVB
·
November 4, 2014
ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ ချုပ်နှောင်ခံ မြန်မာလူငယ် ၂ ယောက်က ရဲက သူတို့ကို ညှဉ်းပန်းစစ်ဆေးတယ်လို့ စွပ်စွဲချက်အပေါ် ရှင်းလင်းဖို့ဖိတ်ခေါ်ချက်ကို ရဲတပ်ဖွဲ့က ဆက်ငြင်းဆန်ရင် တရားစွဲမယ်လို့ ထိုင်း လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူက ခြိမ်းခြောက်ပြောကြားကြောင်း အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့ khaosod သတင်းမှာ ဖော်ပြပါတယ်။ EyWwB5WU57MYnKOuFHLMAIg2czCXFHDC5Dt6GTgWF2sI014Pt5jdjkထိုင်းလူ့အခွင့်အရေးကော်မရှင်က စွပ်စွဲခံ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ရဲ့ မိဘတွေ၊ မြန်မာသံရုံးအထူးအဖွဲ့၊ ထိုင်းရှေ့နေများကောင်စီနဲ့ ထိုင်းရဲတပ်ဖွဲ့တွေကို ဖိတ်ကြားပြီး နိုဝင်ဘာ ၃ ရက်နေ့က ကြားနာရာမှာ ထိုင်းရဲတပ်ဖွဲ့က မလာတာကြောင့် တွေ့ဆုံပွဲအပြီး ရှင်းလင်းပွဲမှာ ကော်မရှင်ဥက္ကဋ္ဌ မစ္စတာ နီရန် ပီတာဝါချရာ က ပြောဆိုခဲ့တာဖြစ်ပါတယ်။ သူက “လူသတ်သံသယနဲ့ဖမ်းထားတဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းက သူတို့ကို နှိပ်စက်တယ်လို့ ပြောဆိုတဲ့အပေါ် ကြားနာမှုကို ရဲက လာရောက်ဖို့ ပျက်ကွက်တယ်။ ကော်မရှင်ရှေ့မှောက်မှာ သက်သေခံထွက်ဆိုခြင်းအားဖြင့် လူသတ်မှု စုံစမ်းဖော်ထုတ်နေတဲ့ အပေါ် သက်ရောက်နိုင်တာကြောင့်ဆိုပြီး လာရောက်ဖို့ ရဲက ငြင်းပယ်ခဲ့တယ်”လို့ သူက ပြောပါတယ်။ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီသံသယရှိသူတွေ အပြစ်ကင်းတယ် ဒါမှမဟုတ် အပြစ်ရှိတယ်လို့ ဆိုတဲ့အပေါ် သက်သေပြဖို့မဟုတ်တဲ့အတွက် ရဲဘက်ကပေးတဲ့ ဒီဆင်ခြေဟာ ကျိုးကြောင်းညီညွတ်မှု မရှိဘူးလို့ မစ္စတာ နီရန် ပီတာဝါချရာ က ပြောပါတယ်။ ဘက်ပေါင်းစုံကို မျှမျှတတ အခွင့်အရေးပေးရမှာဖြစ်ပြီး အထူးသဖြင့် ရွှေ့ပြောင်း အလုပ်သမားတွေအပေါ်မှာ ပေးရမှာဖြစ်ကြောင်းနဲ့ မျှမျှတတ မဆောင်ရွက်ရင် ဘယ်သူမှ ထိုင်းနိုင်ငံမှာ လာအလုပ်လုပ်ကြမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ လာမယ့် နိုဝင်ဘာ ၁၂ ရက်နေ့ မတိုင်ခင် ရဲက ရှင်းလင်းဖို့ ပျက်ကွက်ရင် ထိုင်း လူ့အခွင့်အရေးကော်မရှင်မှာ ရဲကို တရားစွဲရေး၊ မစွဲရေးကို မဲခွဲဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင် တယ်လို့လည်း သူက သတိပေးပါတယ်။ “လူ့အခွင့်အရေးကော်မရှင်ဟာ ဘယ်သူ ဘယ်ဝါရဲ့ အလုပ်အပေါ်မှာမှ ၀င်စွက်ဖက်တာ မဟုတ်ဘူး။ ကာယကံရှင်တွေက မကျေနပ်လို့ စောဒကလာတက်တဲ့အပေါ်မှာ ကျနော်တို့ တာဝန်ထမ်းဆောင်တာဖြစ်ပါတယ်။ ကျနော်တို့ မလုပ်ရင် ကျနော်တို့ရဲ့ ပေါ့ဆမှုအတွက် ရာဇ၀တ်မှု ဥပဒေတွေအရ ကျနော်တို့ကို တရားစွဲဆိုကြလိမ့်မယ်” လို့ ပြောပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ထိုင်းနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံတွင်းမှာ စွပ်စွဲခံရသူတွေကို စစ်ဆေးတဲ့အခါမှာ နှိပ်စက်ညှဉ်းပန်းခြင်း မပြုပါဘူးဆိုတဲ့ အပြည်ပြည်ဆိုင်ရာ စာချုပ်ကို ၂၀၀၄ ခုနှစ်မှာ လက်မှတ်ထိုးခဲ့ကြောင်းနဲ့ ဒီအမှု စစ်ဆေးရာမှာ နှိပ်စက်ညှဉ်းပန်းမှု ပေါ်ပေါက်တယ်လို့ တိုင်တန်းမှုတွေကြောင့် ရဲက စာချုပ်ချိုးဖောက် ကျူးလွန်ရင်တော့ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုတာကို လူ့အခွင့်အရေးကော်မရှင် ပြောဆိုသွားတာလို့ ဦးအောင်မျိုးသန့်က ရှင်းပြပါတယ်။ လူ့အခွင့်အရေးကော်မရှင်က ရဲတပ်ဖွဲ့ကို အကြိမ်ကြိမ်ဆင့်ခေါ်ရာမှာ ပျက်ကွက်တဲ့အတွက် တရားစွဲနိုင်တဲ့ အခြေအနေလို့ ရှင်းပြပါတယ်။ “ဒီလိုပါခင်ဗျ ပူးပေါင်းဆောင်ရွက်မှုကို သူတို့ ၄ ကြိမ်တိတိ ဆင့်ခေါ်ပြီးပါပြီ။ အခု သူပြောတဲ့ရက် (နိုဝင်ဘာ ၁၂ ရက်)အထိ ဆင့်ခေါ်ဖို့ လုပ်ထားပါတယ်။ ဒါပေမယ့် ကျနော်တို့က ကြည့်ရတာ အဲဒီနေ့ (နိုဝင်ဘာ ၃ ရက်)က ဆိုရင် ရဲမှတပါး အစုံအညီလာကြပါတယ်။ လူ့အခွင့်အရေးကော်မရှင်၊ ရှေ့နေများကောင်စီ၊ ကျနော်တို့ သံရုံးအထူးအဖွဲ့၊ စွပ်စွဲခံရတဲ့ ကလေးတွေရဲ့ မိဘတွေဆိုတော့ ဒီလို ပြည့်စုံစွာလာတဲ့အချိန်မှာ ရဲအနေနဲ့သာ ပျက်ကွက်သားတဲ့ အတွက်ကြောင့်မို့ ဒီလိုဟာမျိုးကို ပြန်စီစဉ်မယ့်သဘောရှိပါတယ်။ စီစဉ်လို့ နောက်ဆုံးအနေနဲ့ မလာဘူးဆိုရင်တော့ စာချုပ်ပါအချက်များအရ ဆက်လက်ဆောင်ရွက်မယ့်သဘော ပြောတာပါ” လို့ ပြောပါတယ်။ ဒီလူငယ် ၂ ယောက်ကို ကော့တောင်ကျွန်းမှာ စက်တင်ဘာ ၁၅ နေ့ ဒေးဗစ်မေလာနဲ့ ဟန်နာတို့ သေဆုံးအလောင်းတွေ့ပြီး သီတင်းပတ်အနည်းငယ်အကြာမှာ ဖမ်းခဲ့တာပါ။ ဒီရွှေ့ပြောင်းလုပ်သား ၂ ယောက်က သတ်တယ်လို့ ဖြောင့်ချက်ပေးတယ်လို့ ရဲက ကနဦးပိုင်းမှာ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီနှစ်ယောက်က သူတို့ ရှေ့နေတွေကို သူတို့ကို ဖြောင့်ချက်ပေးဖို့ အတင်းအကျပ်စေခိုင်းခံရပြီး သူတို့ ဖြောင့်ချက်တွေကို ပြန်လည်ရုပ်သိမ်းခဲ့ကြပါတယ်။ ထိုင်းရဲတပ်ဖွဲ့ပြုစုထားတဲ့ အမှုတွဲဟာ ပြီးပြည့်စုံခြင်း မရှိသေးတာကြောင့် ခုချိန်ထိတော့ တရားရုံးကို တင်နိုင်ခြင်း မရှိသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024