Home
မြန်မာသတင်း
မြန်မာ ၆ သိန်းထက်မနည်း အလုပ်သမားလက်မှတ် လုပ်ခဲ့ကြ
ရွှေအောင်
·
November 2, 2014
ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ သိန်းထက်မနည်း အလုပ်သမားလက်မှတ် (ဘတ်) လုပ်ခဲ့ကြတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။ myanmar worker“အစောပိုင်း ရထားတဲ့ သတင်းတွေအရ မြန်မာအလုပ်သမား ၆ သိန်းလောက် လက်မှတ်လုပ်ခဲ့ကြပြီးဖြစ်တယ်။ ဒါ ဖြစ်နိုင်တဲ့ အရေအတွက်ပါ။ ဘာကြောင့်ဆိုတော့ ကျနော်နေတဲ့ မဟာချိုင်ဒေသတခုတည်းတင် မြန်မာ ၆ သောင်းကျော် လက်မှတ်လုပ်ခဲ့တာ တွေ့ရတယ်။ တပ်မတော်အစိုးရတက်လာပြီး သူတို့ သတ်မှတ်ထားတဲ့ ကာလအတွင်း လက်မှတ်လုပ်ရင်လုပ်၊ သတ်မှတ်ကာလကျော်ရင် ရှောင်တခင် ၀င်စစ်မယ်၊ အထောက်အထား မရှိရင် အဖမ်းခံရမယ်လို့ ကြိုတင် ကြေညာထားတော့ ဒီတကြိမ်မှာ အလုပ်သမားအတော်များများ လက်မှတ်လုပ်ကြပါတယ်။” အလုပ်သမားလက်မှတ် နောက်ဆုံးထားလုပ်ပေးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်အပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေမှာ မြန်မာအလုပ်သမား ၅ သိန်းကျော် လက်မှတ်လုပ်ခဲ့ကြတယ်လို့ ဖော်ပြခဲ့ပေမယ့် လက်တွေ့မှာ ဒီ့ထက်ပိုနိုင်တယ်လို့ မြန်မာအလုပ်သမားအဖွဲ့တွေက ခန့်မှန်းပြောဆိုကြပါတယ်။ ထိုင်းစစ်အာဏာသိမ်းကောင်စီတက်လာပြီး ဇူလိုင်လကုန်ပိုင်းလောက်ကစလို့ တနိုင်ငံလုံးက အထောက်အထားမဲ့ အလုပ်သမားတွေအတွက် အလုပ်သမားလက်မှတ် (ဘတ်) ကို ခရိုင်အလိုက် နေ့ချင်းပြီး လုပ်ပေးခဲ့ရာမှာ အောက်တိုဘာ ၃၁ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။ ထိုင်းစစ်ကောင်စီရဲ့ အစီအစဉ်အရ အခု ဘတ်လုပ်ပြီးသူတွေဟာ ရက်ပေါင်း ၆၀ အတွင်း ယာယီ နိုင်ငံကူးလက်မှတ် ဆက်လုပ်ကြရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ဒါရိုက်တာ ဦးကျော်သောင်းက အခု ဘတ်လုပ်ခဲ့တဲ့ အလုပ်သမား ၁၀ ရာခိုင်နှုန်းလောက်ပဲ ယာယီနိုင်ငံကူးလက်မှတ် ဆက်လုပ်ဖြစ်ကြလိမ့်မယ်လို့ သုံးသပ်ပြောပါတယ်။ “၂ လအတွင်း လုပ်ရမယ်ဆိုတဲ့အပိုင်းမှာ မှတ်ပုံတင်ပါရမယ်၊ သန်းခေါင်စာရင်း ရှိရမယ်ဆိုတဲ့ စည်းမျည်း သတ်မှတ်ထားတော့ လုပ်နိုင်မယ့်အရေအတွက်ဟာ ၁၀ ရာခိုင်နှုန်းထက် ပိုလာစရာမရှိဘဲ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းက တရားမ၀င်အလုပ်သမားတွေ ပြန်ဖြစ်သွားမှာလို့ ကျိန်းသေ ပြောနိုင်တယ်ဗျ။” ထိုင်းနိုင်ငံထဲ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သိန်းကျော် အများဆုံးနေထိုင်လုပ်ကိုင်နေတဲ့ ဘန်ကောက်ဧရိယာက မြန်မာအလုပ်သမားအရေးလုပ်နေသူ ပြောသွားတာပါ။ ဘန်ကောက်မြန်မာသံရုံးကတော့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း မရှိတဲ့ မြန်မာအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံတွင်း ယာယီခရီးသွားလာနိုင်မယ့် ထောက်ခံစာ ထုတ်ပေးနေပြီး မိမိရပ်ရွာပြန်လုပ်ဆောင်ကြဖို့ သတင်းထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သန်းလောက် အလုပ်လုပ်နေကြတယ်လို့ မြန်မာအလုပ်သမားအရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024