ဘရာဇီးတွင် မိုးထပ်မရွာပါက ရေပြတ်တော့မည်ဟု အာဏာပိုင်များ သတိပေး

တောင်အမေရိကရဲ့ ဘရာဇီးနိုင်ငံမှာ မိုးထပ်မရွာတော့ရင် နိုဝင်ဘာလလယ်မှာ ရေပြတ်တော့မယ်လို့ အာဏာပိုင်တွေက သတိပေး လိုက်ပါတယ်။ ဘရာဇီးရဲ့ လူသန်း ၂၀ နေထိုင်ရာ ဆောင်ပါလိုမြို့ဟာ အနည်းဆုံး နှစ် ၈၀ အတွင်း အဆိုးဆုံးမိုးခေါင်မှုဒဏ်ကို ခံစားနေရတာပါ။ Brazilဆောင်ပါလိုကို ရေဖြန့်ဖြူးနေတဲ့ အဓိကရေလှောင်တမံတွေမှာ မကြုံစဖူးမိုးခေါင်ပြီး ရေခန်းခြောက်ခဲ့ပါတယ်။ လတ်တလော သီတင်းပတ်တွေအတွင်း အခြေအနေဆိုးရွားပြင်းထန်မှုကြောင့် အစိုးရခေါင်းဆောင်တွေဟာ ဆောင်ပါလိုမှာ ကပ်ဆိုက်လုနီးနီးဖြစ်နေပြီဆိုတာ ဝန်ခံခဲ့ကြပါတယ်။ အရင်အပတ်ကတော့ အစိုးရပိုင် ရေဖြန့်ဖြူးရေးဌာနခေါင်းဆောင် ဒယ်လ်မာ ပေနာက ဆောင်ပါလိုမှာ သောက်ရေဖြန့်စရာ ၂ ပတ်စာပဲ ကျန်တော့တယ်လို့ သတိပေးခဲ့ပါတယ်။ လောလောဆယ်တော့ ဆောင်ပါလိုမြို့ခံ အနည်းဆုံး ၁၄ သန်း ရေပြတ်တဲ့ဒဏ်ကို ခံနေရပြီး စည်ပင်ဌာန ၃၅ ခုကျော်က ရေကို အချိုးကျဖြန့်ဖြူးဖို့ ဖိအားပေးခံနေရပါတယ်။ ရေအကျပ်အတည်းရဲ့ အဓိအချက်တွေက ကမ္ဘာကြီးပူနွေးမှုနဲ့ အမေဇုန်တောတွင်း သစ်တောပြုန်းတီးမှုတွေကြောင့်လို့ ထင်ကြပါတယ်။ အမေဇုန်တောဟာ ဒေသတွင်း ရာသီဥတုကြောင့် မိုးသစ်တောတွေက လီတာပေါင်း ဘီလီယံနဲ့ ချီတဲ့ရေတွေကို ထုတ်ပေးမှု လျော့ကျစေခဲ့ပါတယ်။ အမေဇုန်ဒေသကနေ နေ့တိုင်း ရေငွေ့တန်ချိန် ဘီလီယံ ၂၀ အငွေ့ပြန်ခဲ့တယ်၊ သစ်တောပြုန်းတီးမှုကြောင့် လေထုစိုထိုင်းဆ လျော့ကျခဲ့လို့ ဆောင်ပါလိုနဲ့ အနားက ပြည်နယ်တွေအတွက် အဓိက ရေလှောင်တမံတွေ ခန်းခြောက်ခဲ့ရတယ်လို့ ဘရာဇီးအမျိုးသား အာကာသ သုတေသနအဖွဲ့က ဆိုပါတယ်။ ၂၀၁၂ သြဂုတ်ကနေ ၂၀၁၃ ဇူလိုင်ကြား တရားဝင်မှတ်တမ်းအရ သစ်တောပြုန်းတီးမှုက ၂၉ ရာခိုင်နှုန်း ခုန်တက်သွားခဲ့ပါတယ်။

More News
Up