Home
မြန်မာသတင်း
ယူအန်အက်ဖ်စီ အဖွဲ့ဝင်အဖြစ်က ဆက်လက်ရပ်ဆိုင်းထားရန် ကေအန်ယူဆုံးဖြတ်
နော်နိုရင်း
·
October 30, 2014
ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်မှုကနေ ဆက်လက် ယာယီရပ်ဆိုင်းပြီး ကော်သူလေးတပ်မတော် KAF ကို အကောင်အထည်ဆက်ဖော်ဖို့ KNU ဗဟိုကော်မီတီ အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။ ကရင်အမျိုသားအစည်းအရုံး(ကေအန်ယူ)ရဲ့ သီတင်းတစ်ပတ်နီးပါကြာ ကျင်းပခဲ့တဲ့ အရေးပေါ် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးအပြီး အောက်တိုဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ [caption id="attachment_69244" align="alignright" width="409"]ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ[/caption] ဒီအစည်းအဝေးအတွင်း လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေ၊ အဖွဲ့အစည်းရဲ့ အခြေအနေ၊ တပ်ပေါင်းစုဆိုင်ရာ လုပ်ငန်းအခြေအနေတွေနဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်တွေကို ပွင့်ပွင့်လင်းလင်း သုံးသပ်ဆွေးနွေးခဲ့ကြတယ်လို့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။ ဒါအပြင် ဒီအစည်းအဝေးအတွင်း အောက်တိုဘာ ၁၃ ရက်နေ့က ထွက်လာခဲ့တဲ့ ကော်သူလေးတပ်မတော် ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီး ဒီတပ်မတော်ကို ဖွဲ့ဖို့ မူအရ လက်ခံထားပြီး အကောင်အထည်ဖော်ရာမှာ ကေအန်ယူရဲ့ ဖွဲ့စည်းပုံ၊ နိုင်ငံရေးလမ်းစဉ်၊ လုပ်နည်းနဲ့အညီ ဆောင်ရွက်နိုင်ဖို့ လာမယ့် ကေအန်ယူ ကွန်ဂရက်က ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ကေအန်ယူဗဟိုစစ်ဦးစီးဌာနချုပ်က တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် စရှာထူးဝေါ်က “အမှန်မှာက လက်ရှိ ကေအေအက်ဖ် ဖွဲ့ထားတာကတော့ သူ့အဖွဲ့ ကိုယ့်အဖွဲ့နဲ့ပဲ ရှိကြမယ်။ ကျနော်တို့က အခု ဖွဲ့စည်းပုံတွေ ရေးရအုန်းမယ်။ နောက်ဆုံး ကျနော်တို့အားလုံး ခိုင်ခိုင်မာမာ စုစုစည်းစည်း ရှိတဲ့အချိန်ကျရင်တော့ ဖွဲ့စည်းပုံရေးဆွဲပြီးမှပဲ အတိအကျ ပြောလို့ရနိုင်မယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒါအပြင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဝင်ကနေ ယာယီရပ်ဆိုင်းထားမှာဖြစ်ပြီး ဒီအတောအတွင်း ယူအန်အက်ဖ်စီအဖွဲ့နဲ့ ဆွေးနွေး ညှိနှိုင်းသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ “ကျနော်တို့က မူပိုင်ဆိုင်ရာ ကိစ္စနဲ့ပတ်သက်လို့ မတူညီတဲ့ဟာတွေ ရှိတဲ့အခါကျတော့ ပြီးခဲ့တဲ့ ယူအန်အက်ဖ်စီညီလာခံမှာ ယာယီ ထွက်ထားတာ။ နောက်ပိုင်း မူပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ပြန်ညှိလို့ ရမယ်။ လောလောဆယ် လာမယ့် ကျနော်တို့ ၁၆ ကြိမ်မြောက် ကွန်ဂရက်အထိတော့ စောင့်ကြည့်မယ်။ ဒီကြားထဲမှာ ကျနော်တို့ ဖွဲ့ထားတဲ့ကော်မတီက ယူအန်အက်ဖ်စီနဲ့ ညှိနှိုင်းမယ်။ လိုတိုးပိုလျော့သဘောမျိုးနဲ့ ညှိနှိုင်းလို့ လက်ခံနိုင်တဲ့ အနေအထားရောက်ရင်တော့ ကျနော်တို့ ပြန်ဝင်မယ်လို့ ဆွေးနွေးထားပါတယ်”လို့ ဗိုလ်မှူးချုပ် စရှာထူးဝေါ် ပြောပါတယ်။ ဒါပေမယ့် လိုအပ်သလို တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့အစည်း တဖွဲ့ချင်း ဖြစ်စေ၊ အစုလိုက် ဖြစ်စေ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးရည်မှန်းချက် အကောင်အထည် ဖော်ဆောင်နိုင်ရေး ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ကေအဲန်ယူက ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန် အက်ဖ်စီ) နဲ့ ညှိနှိုင်းမယ်ဆိုတဲ့အပေါ် ယူအင်အက်ဖ်စီ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ကေအဲန်ယူကို အဖွဲ့ဝင်အဖြစ် ပြန်လည်ဝင်ရောက်လာဖို့ ကြိုဆိုပါတယ်လို့ ပြောပါတယ်။ သူက “ကျနော်တို့ကို တရားဝင် ကမ်းလှမ်းလာတာ၊ ဆက်သွယ်လာတာတော့ မရှိသေး ဘူးခင်ဗျ၊၊ အဲဒီအပေါ်မှာ ကျနော်တို့ ဘာမှ ကြိုပြီးတော့ မပြောလိုပါဘူးခင်ဗျ။ သူတို့ရဲ့ တရားဝင် ဆက်သွယ်လာမယ့် အနေအထားအပေါ်မှာ ကြည့်ပြီးတော့ တုံ့ပြန်ရမှာပါ။ ကျနော်တို့ကတော့ ကြိုဆိုမြဲ ကြိုဆိုဆဲပါပဲ။ ကျနော်တို့ကလည်း နဂိုကတည်းကိုက သူတို့ဖာသာ သူတို့ ယာယီရ ပ်ဆိုင်းထားတဲ့အခြေအနေကနေပြီးတော့ သူတို့ပြန်လာဖို့အတွက်တော့ နေရာ ချန်ထားပေးပါ တယ်လေ။ သူတို့ ပြန်လာမယ် မလာဘူးဆိုတာကတော့ သူတို့ အဖွဲ့အစည်းဆိုင်ရာ ဆုံးဖြတ်ချက်ပဲ။ ကျနော်တို့ လေးစားလိုက်နာရမှာပေါ့။ ပြန်လာခြင်း မလာခြင်းကတော့ သူတို့ လက်ထဲမှာပဲ ရှိပါတယ်” လို့ ပြောပါတယ်။ ယူအန်အက်ဖ်စီဟာ ကေအဲန်ယူ အဖွဲ့ဝင်အဖြစ် ပြန်လည်ဝင်ရောက်တဲ့အခါ တာဝန်ထမ်းနိုင်ဖို့ အတွက် ဒုဥက္ကဋ္ဌ ၂ တာဝန်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နေရာတွေကို ချန်လှပ်လျာထား ပေးထားပါတယ်။ ကေအန်ယူဟာ ယူအန်အက်ဖ်စီမှာ မပါပေမယ့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေအကြား တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးနေတဲ့ တပြည်လုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့မှာတော့ ပါဝင်ဆောင်ရွက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024