Home
မြန်မာသတင်း
လူသတ်မှုစွပ်စွဲခံရသူများ ဗဟိုအစိုးရရှေ့နေချုပ်ရုံးတွင် ကန့်ကွက်လွှာတင်
အေးနိုင်
·
October 28, 2014
လိပ်ကျွန်းလူသတ်မှု၊ မုဒိမ်းမှုနဲ့ စွပ်စွဲခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့အပေါ် စွဲချက်တွေကို မျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးဖို့ သူတို့ရဲ့မိဘတွေက ဗဟိုအစိုးရရှေ့နေချုပ်ရုံးနဲ့ ထိုင်းလူ့အခွင့်အရေးကော်မရှင်ရုံးတွေမှာ ကန့်ကွက်လွှာတင်သွင်း တောင်းဆိုလိုက်ပါတယ်။ [caption id="attachment_69033" align="aligncenter" width="491"]ကန့်ကွက်လွှာ ပေးအပ်စဉ် (ဓာတ်ပုံ - Htoo Chit) ကန့်ကွက်လွှာ ပေးအပ်စဉ် (ဓာတ်ပုံ - Htoo Chit)[/caption] ဒီကနေ့မနက်ပိုင်းက ရှေ့နေများကောင်စီအဖွဲ့၊ သံရုံးအထူးကိုယ်စားလှယ်တွေနဲ့အတူ  စွပ်စွဲဖမ်းဆီးခံရသူရဲ့ မိဘတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဗဟိုအစိုးရရှေ့နေချုပ်ရုံးနဲ့ ထိုင်းလူ့အခွင့်အရေးကော်မရှင်ရုံးတွေကို ကိုယ်တိုင် သွားရောက်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ အမှန်တကယ်မကျူးလွန်ဘဲ  အသက်အန္တရာယ်ခြိမ်းခြောက်တဲ့အတွက် ၀န်ခံခဲ့ရတယ်ဆိုတဲ့ သူတို့သားတွေရဲ့ ပြောကြားချက်ကို မိဘတွေက လက်မှတ်ရေးထိုးပြီး တင်သွင်းခဲ့တာကို ရုံးက လက်ခံလိုက်တယ်လို့ သံရုံးအထူးကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။ သံရုံးအထူးကိုယ်စားလှယ်အဖွဲ့ဝင် ဦးမိုးဝေက “ပထမဦးဆုံး ကျနော်တို့ ဗဟိုအစိုးရရှေ့နေချုပ်ရုံးမှာ သူ့သားသမီးတွေ မဟုတ်ကြောင်း၊ တရားမျှတမှုရှိရှိ ဆောင်ရွက်ပေးပါဖို့အတွက် လာတောင်းဆိုတာဖြစ်ပါတယ်။ ဒုတိယတခုကတော့ လူ့အခွင့်အရေးကော်မရှင်ရုံးကို ကျနော်တို့လာပြီးတော့  ဒီကလေးတွေအနေနဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ၀န်ခံရတယ်ဆိုတဲ့ဟာရယ်၊ အဖြစ်မှန်ဖော်ထုတ်ပေးနိုင်ဖို့ ဆိုတာရယ် တောင်းဆိုရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။ စွပ်စွဲခံရသူတွေရဲ့ မိဘတွေဟာ အောက်တိုဘာ ၂၄ ရက်နေ့က ကော့စမွီအကျဉ်းထောင်မှာ သားတွေကို သွားရောက်တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပြီး အပြန်မှာ သားတွေနဲ့ မိဘတွေရဲ့ လက်မှတ်ထိုးထားတဲ့ ကန့်ကွက်လွှာကို ကော့စမွီခရိုင်အစိုးရရှေ့နေရုံးမှာ တင်သွင်းခဲ့ပါသေးတယ်။ ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိသျှလူမျိုး အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သတ်ခံခဲ့ရပြီး အောက်တိုဘာ ၂ ရက်နေ့မှာတော့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့က ဖြောင့်ချက်ပေးတယ်လို့ ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။ ဒီအမှုကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့ဟာ ဝေဖန်မှုတွေရင်ဆိုင်ခဲ့ရသလို ကနဦးပိုင်း ဖြောင့်ချက်ပေးခဲ့ကြတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကလည်း မြန်မာသံရုံးအထူးကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံစဉ်၊ ထိုင်းရှေ့နေများကောင်စီနဲ့တွေ့ဆုံစဉ်၊ မိဘတွေနဲ့ တွေ့ဆုံစဉ်တွေမှာ ရိုက်နှက်ခြိမ်းခြောက်တဲ့အတွက် ၀န်ခံတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြောင့်ချက်ကို ပြန်လည်ရုပ်သိမ်းထားကြပါတယ်။ သူတို့နှစ်ဦးကို ထိုင်းရဲက လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ပြစ်မှုကျူးလွန်လျက်နဲ့ ထိန်ချန်ပြောဆိုမှု၊ တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ စတဲ့အမှု ၅ မှုနဲ့ စွဲချက်တင်ထားပြီး တရားရုံးမှာ တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024