Home
မြန်မာသတင်း
အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း သတင်းထွက်ပေါ်
နော်နိုရင်း
·
October 24, 2014
တလနီးပါးကြာ ပျောက်ဆုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအဖွဲ့ဝင်ဟောင်း၊ အလွတ်သတင်းထောက် အောင်နိုင်(ခ) ကိုပါကြီးဟာ တပ်မတော်ရဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အောက်တိုဘာလ လ ၂၃ ရက်နေ့စွဲနဲ့ အဖွဲ့အစည်းအမည်ဖော်ပြမထားတဲ့ သတင်းထုတ်ပြန်ချက် တခုမှာ အောင်နိုင် (ခ) ကိုပါကြီးကို စက်တင်ဘာလ ၃၀ ရက်က ကျိုက်မရောမြို့ စက်လှေဆိပ်မှာ ခမရတပ်ရင်က ဗိုလ်ကြီး စိုဇေယျာလင်း ဦးစီးတဲ့အဖွဲ့က မသင်္ကာလို့ ဖမ်းဆီးခဲ့ပြီး နယ်မြေခံ ခမရ ၂၀၈ တပ်ရင်းကို လွှဲပြောင်းစစ်ဆေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 10698679_531782546954095_5038858943245032297_nသူကို အောက်တိုဘာလ ၄ ရက်နေ့မှာ KKO တပ်က စောဆန်းအောင် အဖွဲ့ကို လိုက်လံပိတ်ဆို့ ရှင်းလင်းနေတဲ့ လှုပ်ရှားစစ်ကြောင်းဆီ လွှဲပြောင်းပေးခဲ့ကြောင်းနဲ့ အဲဒီညမှာပဲ ရွှေဝါချောင်း ကျေးရွာ တောင်ဘက် မီတာတထောင်ခန့်အကွာမှာ ညအိပ်အခြေပြုစဉ် အောင်နိုင်ဟာ အပေါ့သွားဖို့ အကြောင်းပြပြီး ရုတ်တရက်ကင်းစောင့်စစ်သည်ကို လုံးထွေးပြီး လက်နက်လုယူ ထွက်ပြေးရန် ကြိုပမ်းစဉ် ကင်းစောင့်တပ်သားက ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေနတ်ဒဏ်ရာနဲ့ အသေဖမ်းမိခဲ့ကြောင်း ပါရှိပါတယ်။ သေဆုံးသူရဲ့ အလောင်းကိုတော့ ရွှေဝါချောင်းကျေးရွာ တောင်ဘက် မီတာ ၈၀၀ ခန်အကွာမှာ မြေမြုပ်သင်္ဂြိုဟ်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါပေမယ့် ကိုပါကြီးသေဆုံးမှုနဲ့ပတ်သက်ပြီး အစိုးရနဲ့ စစ်တပ်တာဝန်ရှိသူတွေက တရားဝင် လူသိရှင်ကြား သတင်းထုတ်ပြန်ရှင်းလင်းခြင်း မရှိသေးသလို လတ်တလော အွန်လိုင်းတွေမှာ ပျံ့နှံ့နေတဲ့ ဒီသတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးလည်း ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်း တော့ မရှိသေးပါဘူး။ ကိုပါကြီးသေဆုံးမှုနဲ့ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါ်သန္တာကတော့ ရှိသမျှအင်အားနဲ့စစ်တပ်ကို ရင်ဆိုင်သွားမယ်လို့ ဒီဗွီဘီကို အခုလို ပြောပါတယ်။ “လူဆိုတာ သေမျိုးကြီးပဲလေ။ လူဟာ သေတတ်ကြတာပဲ။ ဒါပေမယ့် ဒီဟာက မတူဘူးပေါ့နော်။ တရားနဲ့ဖြေဆိုတဲ့ စကားလုံးကို ကျမကိုယ်ကျမ သိပ်ဖြေလို့ မရနိုင်ဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက အလွန်ကို ကောက်ကျစ်ယုတ်မာစွာနဲ့ကို လုပ်လိုက်တာ။ ကိုပါကြီးကို ဖမ်းတုန်းက မြင်တာ၊ တနိုင်တပိုင်ကျေးရွာက တက်လာတော့ မဖမ်းပဲနဲ့ လမ်းပေါ်ကျမှ ဖမ်းတာတို့ အကုန်လုံး ကျိုက္ကမရော တမြို့နယ်လုံး မြင်တယ်။ ၁၉ ရက်နေ့က ကျမတို့ ရဲစခန်း သွားအမှုဖွင့်တော့ အဲဒီက ရဲတပ်ကြပ်ကြီးကတောင် ပြောသေးတယ်။ ကယ်ရီ ဆိုင်ကယ်စီးတာလား၊ ဘယ်သူ့ဆိုင်ကယ်၊ ဘာစားလာတာ၊ ဘယ်နေရာမှာမှ မိတာ ကြားနေရတယ်ပေါ့။ သူတို့ မြင်လိုက်ရတဲ့အချိန်မှာ ခန္ဓာကိုယ်တခုလုံး အပ်ပေါက်ရာတောင် မရှိဘူးတဲ့။ ဒီအချိန်မှာ ကျမဒါတွေလဲ မပြောချင်တော့ဘူး။ ကျမဘာလုပ်ရမလဲဆိုတာ ရှေ့နေ ရှေ့ရပ်နဲ့ တိုင်ပင်မယ်။ ကျမ မိန်းမတယောက်ရဲ့ ခွန်အားရှိသ၍ ဥာဏ်အားရှိသ၍ ဥာဏ်စွမ်းရှိသ၍ ကျမ စစ်တပ်ကို ရင်ဆိုင်မယ်။” သတင်းထုတ်ပြန်ချက်ထဲမှာ အောင်နိုင် (ခ) ကိုပါကြီးက ကလိုထူးဘော ကရင်အဖွဲ့အစည်း (KKO) တပ်က ဗိုလ်ကြီး အဆင့်ရှိသူပါလို့ ရေးသားတဲ့အပေါ် ဒီကေဘီအေကို မေးမြန်းကြည့်ရာ မှာတော့ KKO ဟာ ဒီကေဘီအေရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်ပြီး ကိုပါကြီးဟာ KKO အဖွဲ့နဲ့ သတင်းမေးမြန်းမှုအရသာ သိကြပြီး အဖွဲ့ဝင် မဟုတ်ကြောင်း ဒီကေဘီအေတပ်ဖွဲ့က ဗိုလ်မှူး စောလုံ့လုံက ဒီဗွီဘီကို အခု လို ပြောပါတယ်။ “သတင်းသမားတွေက ကျနော်တို့နဲ့ ဆက်သွယ်တာရှိတယ်။ ကျနော်တို့က လိုက်ပို့ပေးတယ်။ သတင်းယူဖို့ လိုက်လည်ရင်းနဲ့ တိုက်ပွဲတွေဖြစ်နေလို့ မပေးရိုက်လိုက်တော့ဘူး။ အဲဒီအချိန်မှာ ဗိုလ်မှူးဆန်းအောင် လိုက်သွားတာပဲ။ လိုက်ပို့ရင်းနဲ့ တိုက်ပွဲဖြစ်နေတာလည်း မသိပဲ။ ဒါပေမယ့် သူပျောက်သွားတာတယ်ဆိုတာ ကြားတာပဲရှိတယ်။” ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကတော့ နိုင်ငံသားတစ်ဦးကို မြန်မာ့ တပ်မတော်က အခုလို လက်လွတ်စပယ် ဆောင်ရွက်ခြင်ဟာ တိုင်းပြည်ဂုဏ်သိက္ခာကို ထိပါးစေတဲ့အကြောင်းနဲ့ ဒီလို တရားဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်ဆိုပြီး ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန် အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။ ကိုပါကြီး ပျောက်ဆုံးကြောင်းသိသိချင်း လိုက်စုံစမ်းမှုမှာ ကူညီခဲ့တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကတော့ ဒါဟာ သက်ဆိုင်ရာ စစ်တပ်ကနေပြီး ရာဇ၀တ်မှု ကျူးလွန်တာဖြစ်ပြီး သေဆုံးမှုမှာ ကျူးလွန်သူကို အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ၈၈ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးက ပြောပါတယ်။ “အခုဟာက ကျနော်တို့က ကိုပါကြီး ပျောက်ဆုံးတယ်ဆိုတဲ့ အခြေအနေကို ကြားကြားခြင်းပဲ ကျနော်တို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေဆီကို လှမ်းပြီးတော့မှ ကိုပါကြီးနဲ့ ပတ်သက်ပြီးတော့မှ ကိုပါကြီး မှန်ခြင်း မှားခြင်းဆိုတာက နောက်၊ လောလောဆယ် တရားဥပဒေရဲ့ အကျိုးကို သူခံစားခွင့်ရှိတယ်။ လူတယောက်ကို ဖမ်းချင်သလိုဖမ်း၊ ဘယ်ခေါ်သွားသလဲဆိုတဲ့ အခြေအနေမျိုး မဖြစ်သင့်ဘူးဆိုတဲ့ဟာ ပြောထားပါတယ်။ နောက်တခုက မိသားစုသွားတဲ့ အချိန်မှာ ပထမ ကိုပါကြီးနဲ့ တွေ့ခွင့်ပေးမယ်၊ ကိုပါကြီး မိသားစုက အာမခံပေးလို့ရှိရင် ကိုပါကြီးကို ထုတ်ပေးမယ်လို့ အသံကြားပါတယ်။ မိသားစုကနေတဆင့် ပြန်ကြားသိရတာပါ။ ပြီးတဲ့အခါမှာ ဘာမှ ပြန်မပြောတော့ပဲနဲ့။ မိသားစုသွားတွေ့တဲ့အခါမှာ အတွေ့မခံတော့ပဲ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ ရှောင်နေတယ်ဆိုတာ ထပ်သိရပါတယ်။ ဒီကနေ့ သိတဲ့သတင်းက ကိုပါကြီးကို စစ်တပ်က လက်လွန်သွားတယ်ဆိုတဲ့ သတင်း ထုတ်ပြန်တယ်။ အဲဒါက သတင်းထောက်တယောက် သေနတ်လုပြီး ထွက်ပြေးလို့ ပစ်သတ်လိုက်ရတယ်လို့ ရေးသားထားတာကို ဖတ်ရပါတယ်။ ဒါက ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပါဘူး။ အဲဒါ ရာဇ၀တ်မှုကို ကျူးလွန်တာပါ။ အဲဒီ သက်ဆိုင်ရာ စစ်တပ်က ရာဇ၀တ်မှုကို ကျူးလွန်တယ်လို့ပဲ။ ဒါရှင်းပါတယ်။ ဥပဒေကြောင်းအရကြည့်ရင် အဲဒီအတိုင်းပဲ မြင်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကိုပါကြီး သေဆုံးရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ ကျနော်တို့ ပြောပါတော့မယ်။ အရေးယူဆောင်ရွက်ပေးဖို့အတွက် တိုက်တွန်းပါတော့မယ်။ အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆို ဆန္ဒပြသင့်ရင် ပြရပါလိမ့်မယ်။” ကိုပါကြီးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) ရဲ့ ပထမဦးဆုံး ဗဟိုလူငယ် ၁၉ ဦးတွင် ပါဝင်ခဲ့ပြီး ကရင်ပြည်နယ် တာဝန်ခံအဖြစ် ၁၉၈၉ ခုနှစ် မေလအထိ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ယူခဲ့တဲ့ သုံးရောင်ခြယ် အဖွဲ့ဝင်အဖြစ် တပ်ဦးတာဝန်တွေကို ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ လက်ရှိအထိ အလွတ်သတင်းထောက်အဖြစ် ရပ်တည်ပြီး ပြည်တွင်း ထုတ် ဂျာနယ် အနည်းဆုံး ၃ စောင်လောက်မှာ သတင်း ဆောင်းပါတွေ ပေးပို့နေသူဖြစ်တယ်လို့ သူ့ရဲ့ ဇနီး မသန္တာက ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024