စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေး ထိုင်းစစ်တပ် အစမ်းလေ့ကျင့်

2.1K
ကရင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာရင် ကူညီကယ်ဆယ်ဖို့ ထိုင်း-မြန်မာနယ်စပ် တာ့ဆောင်ယမ်း မြို့နယ်ထဲမှာ ထိုင်းစစ်တပ်နဲ့ ဒေသခံတွေ အစမ်းလေ့ကျင်မှု ပြုလုပ်ခဲ့ကြပါတယ်။
မြန်မာဘက်ခြမ်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတာကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေရှိနေလို့ ထိုင်းအာဏာပိုင်တွေက ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်ရေးနေရာချတဲ့ သရုပ်ပြ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့တာပါ။
လေ့ကျင်းခန်းကို အောက်တိုဘာလ ၂၀ ရက်နေ့က ကရင်ပြည်နယ်စပ် မဲ့သဝေါနဲ့ ထိုင်းနိုင်ငံ တာ့ခရိုင် တာ့ဆောင်ယမ်း ဒေသမှာ ပြုလုပ်ခဲ့ပါတယ်။
“တာ့ဆောင်ယမ်းနယ်စပ်ဒေသမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဗျုဟာမှူးရဲ့ ညွှန်ကြားချက်အရ ကျနော်တို့ ရွာသားတွေကို စောင့်ရှောက်ကူညီရေးလေ့ကျင့်တာဖြစ်တယ်။ သူတို့တွေကို လုံခြုံဘေးကင်းစေဖို့နဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ဖြစ်ပါတယ်” ထိုင်းတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အဲ့ဒီလေ့ကျင့်ရေးပွဲမှာ ထိုင်းစစ်သား ၁၀၀ နီးပါးပါဝင်ပြီး မြန်မာဘက်ခြမ်းက ရွာသားတွေနဲ့ ထိုင်းဘက်က ရွာသားတွေက သရုပ်ပြအကူအညီတွေ ပေးခဲ့ပါတယ်။
ထိုင်းစစ်သားတွေက ထွက်ပြေးလာတဲ့ သူတွေကို နေရာချပေးတာ၊ လုံခြုံရေးယူပေးတာတွေနဲ့ လက်တွေ့ လေ့ကျင့်ခဲ့ကြပါတယ်။ ရွာသားတွေကလည်း ကိုယ်ပစ္စည်းတွေနဲ့ကိုယ်၊ ကိုယ့်ရွာနဲ့ကိုယ် သွားတတ်အောင် လေ့ကျင့်ခဲ့ပါတယ်။
ထိုင်းအစိုးရဘက်ကတော့ မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုတွေကိုကြည့်ပြီး နှစ်စဉ် နယ်စပ် ကယ်ဆယ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။
အရင်နှစ်တုန်းကလည်း ဒီနေရာမှာ ထိုင်းစစ်အင်အား ၂၀၀ ရာကျော် နဲ့ ဒေသခံရွာသား ၃၀၀ ကျော်တို့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
၂၀၁၀ ခုနှစ်တုန်းက ဒီကေဘီအေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်လို့ ဒုက္ခသည်တွေ မကြာခဏ ထိုင်းနိုင်ငံဘက်ခြမ်းကို ယာယီထွက်ပြေးခိုလှုံခဲ့ကြတာတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁၀ ရက်နေ့တုန်းကလည်း မဲ့သဝေါဒေသကလာတဲ့ ဒုက္ခသည် ၂၀၀ လောက်ဟာ ထိုင်းဘက်ကို ခဏတာလာရောက်ခိုလှုံခဲ့ကြပါတယ်။

