အင်ဒိုနီးရှား သမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

သမ္မတသစ် ဂျိုကိုဝီ
1.8K
အင်ဒိုနီးရှား သမ္မတသစ် ဂျိုကို ၀ီဒိုဒို (Joko Widodo) ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဒီနေ့မနက်ပိုင်းက ဂျကာတာမြို့တော် ပါလီမန်မှာ ကျင်းပခဲ့ပါတယ်။
စစ်တပ်နဲ့ နိုင်ငံရေးနောက်ခံမရှိဘဲ တက်လာတဲ့ ပထမဆုံး အင်ဒိုနီးရှားသမ္မတဖြစ်လာပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၊ သြစတြေးလျဝန်ကြီးချုပ် တိုနီအာဘတ်၊ မလေးရှား၊ စင်ကာပူဝန်ကြီးချုပ်တို့လည်း ကျမ်းကျိန်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။
[caption id="attachment_68413" align="alignleft" width="300"]
သမ္မတသစ် ဂျိုကို ၀ီဒိုဒို[/caption]
အောက်တိုဘာ ၁၉ ရက်နေ့ကလည်း တာဝန်က အနားယူတော့မယ့် သမ္မတဟောင်း ယူဒို ယိုနို (Yudhoyono) နဲ့ သမ္မတ အိမ်တော် မှာ တွေ့ဆုံခဲ့ပြီး သမ္မတဟောင်းက အိမ်တော်ကို လိုက်လံပြသခဲ့ပါတယ်။
ရွေးကောက်ပွဲပြိုင်ဘက် အရင်ဗိုလ်ချုပ်ဟောင်း ဆူဘီယန်တို (Subianto) က သမ္မတ ၀ီဒိုဒိုကို ထောက်ခံအားပေးတယ်လို့ ပြီးခဲ့တဲ့ တပတ်က ပြောဆိုခဲ့တာကြောင့် အပြုသဘောဆောင်တဲ့ တိုးတက်ဖြစ်ထွန်းမှုလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဆူဘီယန်တိုရဲ့ ညွန့်ပေါင်းပါတီက လွှတ်တော်နေရာ ၃ ပုံ ၂ ပုံကို ရယူထားတာလည်းဖြစ်ပါတယ်။
သမ္မတသစ် ၀ီဒိုဒို ပထမဆုံးရင်ဆိုင်ရမယ့်စိန်ခေါ်မှုကတော့ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ တန် အစိုးရလောင်စာဆီထောက်ပံ့ရေး အစီအစဉ်ဖြစ်ပါတယ်။
အင်ဒိုနီးရှားပြည်သူတွေ လောင်စာဆီဈေး သက်သာအောင် အစိုးရက ထောက်ပံ့ထိန်းညှိပေးထားတာကြောင့် အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ လောင်စာဆီ ဈေးသက်သာတဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပါတယ်။
ဒါပေမယ့် ရေရှည်မှာ နိုင်ငံ့စီးပွားရေးတိုးတက်မှုကို ၀န်ထုပ်ဝန်ပိုး ဖြစ်နေတာကြောင့် အစိုးရက ထောက်ပံ့ ကျားကန်ပေးထားတာကို လျော့ချမယ်လို့ သမ္မတ ၀ီဒိုဒိုက ပြောဆိုမှုအပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိပါတယ်။
အသက် ၅၃ နှစ်ရှိပြီ ဖြစ်တဲ့ သမ္မတသစ်ဟာ သစ်ရောင်းဝယ်ရေးမိသားစုက ကြီးပြင်းလာသူဖြစ်ပြီး ဇာတိမြို့ ဖြစ်တဲ့ ဆိုလိုမြို့အုပ်ချုပ်ရေးမှူး၊ အဲ့ဒီကနေ ဂျကာတာမြို့တော်ဝန်၊ အဲ့ဒီကနေမှ အင်ဒိုနီးရှားသမ္မတအဖြစ် အဆင့်ဆင့်တက်လှမ်းလာသူဖြစ်ပါတယ်။
ဝီဒိုဒိုဟာ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို အားပေးပြီး အစိုးရလုပ်ငန်းတွေ သက်လက်မြန်ဆန်လာဖို့ အီလက်ထရောနစ်အစိုးရစနစ်ကို ပြောင်းလဲဖို့ ရည်ရွယ်ထားသူလည်း ဖြစ်ပါတယ်။
