အစုအပြုံလိုက်မြှုပ်နှံခံရသူများ ပျောက်ဆုံးမက္ကဆီကို ကျောင်းသားများမဟုတ်

873
ဒီအန်အေစစ်ဆေးချက်တွေအရ မက္ကဆီကိုနိုင်ငံက အစုလိုက်အပြုံလိုက် သတ်ဖြတ်မြုပ်နှံခံရတဲ့သူတွေဟာ ပျောက်ဆုံးနေတဲ့ကျောင်းသားတွေ မဟုတ်ဘူးလို့ မက္ကဆီကို အစိုးရရှေ့နေချုပ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ပြောဆိုပါတယ်။
နောက်ဆုံး တွေ့ရှိထားတဲ့ အစုလိုက်အပြုံလိုက်မြှုပ်နှံမှု ၄ ခုက ရုပ်အလောင်းတွေကိုတော့ ဆက်လက် စစ်ဆေးဆဲလို့ အစိုးရရှေ့နေချုပ် ဂျီဆပ် မောရီလို(Jesus Murillo)က ပြောပါတယ်။
နိုင်ငံအလယ်ပိုင်း Iguala မြို့က ဆရာဖြစ်ကောလိပ်ကျောင်းသား ၄၃ ဦးဟာ ဒေသခံရဲတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးနေတာ ၃ ပတ်ရှိပြီ ဖြစ်ပါတယ်။
ကျောင်းသားတွေကို ဖမ်းပြီး ဒေသခံရာဇ၀တ်ဂိုဏ်းတွေကို လွှဲပြောင်းလိုက်တယ်လို့ သံသယ ဖြစ်နေကြပြီး ဆက်နွှယ်သူ ၅၀ လောက် အဖမ်းခံထားရပါတယ်။
အဲဒီထဲက အများစုဟာ ဒေသခံရဲတွေ ဖြစ်ကြပါတယ်။ ရာဇ၀တ်ဂိုဏ်း ခေါင်းဆောင်ဖြစ်သူကို ရဲတွေက ဖမ်းဆီးဖို့သွားတော့ ကိုယ့်ကိုယ်ကိုယ် သက်သေသွားတယ်လို့ ရဲတွေက အောက်တိုဘာ ၁၄ ရက်နေ့က ပြောပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့က ဆရာဖြစ်ကောလိပ်ကျောင်းသားတွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး အခင်းဖြစ်ပွားနေတဲ့ Guerrero ပြည်နယ်အစိုးရရုံးကို မီးရှို့ခဲ့ကြပါတယ်။ ကျောင်းသားတွေကိစမှာ အစိုးရလုပ်ဆောင်မှုတွေ နှေးကွေးတယ်ဆိုပြီး ကျောင်းသားတွေက ဒေါသထွက်နေကြတာပါ။
မက္ကဆီကိုသမ္မတ Pena Nieto က ဒီကျောင်းသားတွေပျောက်ဆုံးကိစ္စဟာ ဆိုးဝါးလွန်းပြီး လက်ခံနိုင်စရာ မရှိဘူး။ ပတ်သက်ဆက်နွယ်သူအားလုံးကို ထိထိရောက်ရောက် ဖမ်းဆီး အရေးယူသွားမယ်လို့ ပြောဆိုထားပါတယ်။
