စီးပွားရေးနိုဘယ်လ်ဆု ပြင်သစ်ပညာရှင် ဂျင်းတီဟောလ်ကို ချီးမြှင့်

ပြင်သစ်လူမျိုး စီးပွားရေး ပညာရှင် ပါမောက္ခ ဂျင်း တီဟောလ် (Jean Tirole) ကို ဒီနှစ်အတွက် စီးပွားရေး နိုဘယ်လ်ဆု ချီးမြှင့်လိုက်ပါတယ်။ အစိုးရက  ဈေးကွက်ကို ခြယ်လှယ်နေတဲ့ အင်အားကြီး ကုမ္ပဏီကြီးတွေကို ဘယ်လို စီမံ အုပ်ချုပ်သင့်သလဲ ဆိုတဲ့ နည်းလမ်းတွေကို သုံးသပ်တင်ပြချက်အတွက် ချီးမြှင့်လိုက်တာလို့ ဆွီဒင် တော်ဝင် သိပ္ပံ အကယ်ဒမီက မနေ့က ကြေညာပါတယ်။ ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းကို ချီးမြှင့်မှာ ဖြစ်ပါတယ်။ ပါမောက္ခ  ပါမောက္ခ ဂျင်း တီဟောလ်ဟာ မျက်မှောက်ခေတ်မှာ သြဇာကြီးတဲ့ စီးပွားရေးပညာရှင် တယောက်ဖြစ်သလို၊ အင်အားကြီးတဲ့  ကုမ္ပဏီတွေကို ထိန်းချုပ်မယ့် နည်းလမ်းတွေကို နားလည်အောင် မီးမောင်းထိုးပြနိုင်တယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က ကြေညာပါတယ်။ စီးပွားရေးဆိုင်ရာ နိုဘယ်ယ်ဆုကို အမေရိကန် ပညာရှင်တွေ ရတာများပြီး တခြားနိုင်ငံတွေက ပညာရှင်တွေ အနည်းအကျဉ်းပဲ ရတဲ့အထဲမှာ အခု ပြင်သစ် ပညာရှင်လည်း ပါဝင်ပါတယ်။ အရင်က စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုတွေကို Paul Krugman၊ Milton Friedman၊ Friedrich August von Hayek ၊ Joseph Stiglitz တို့ ရရှိခဲ့ပါတယ်။

More News
Up