ဗြိတိန်လေဆိပ်များတွင် အီဘိုလာ ဒီနေ့ စတင်စစ်ဆေးမည်

766
ဗြိတိန်က လေဆိပ်တွေမှာ ဒီနေ့ကစပြီး ခရီးသည်တွေကို အီဘိုလာ ရောဂါ စစ်ဆေးသွားတော့မယ်လို့ ကျန်းမာရေးဌာန အတွင်းဝန် Jeremy Hunt မနေ့က ကြေညာလိုက်ပါတယ်။
အီဘိုလာရောဂါ ကပ်ဘေးနဲ့ ကြုံနေရတဲ့ အာဖရိက နိုင်ငံတွေကနေ ဗြိတိန်ကို တိုက်ရိုက်လေကြောင်းလိုင်း မရှိပေမယ့် သွယ်ဝိုက်လမ်းကြောင်းတွေရှိတဲ့အတွက် ရောဂါ စစ်ဆေးဖို့ လိုအပ်တယ်လို့ အတွင်းဝန်က ရှင်းပြပါတယ်။
Heathrow Terminal 1 မှာ ဒီနေ့ စတင်စစ်ဆေးမှာ ဖြစ်ပြီး Gatwick လေဆိပ်နဲ့ လန်ဒန်၊ ပြင်သစ်၊ ဘရက်ဆဲတို့ကို ပြေး ဆွဲနေ တဲ့ ရထားခရီးစဉ် Eurostar ခရီးသည်တွေကိုလည်း စစ်ဆေးသွား မယ်လို့ ပြောပါတယ်။
အနောက်အာဖရိက နိုင်ငံတချို့မှာ ကြုံတွေ့နေရတဲ့ အီဘိုလာ ကပ်ဘေးဟာ ကမ္ဘာလုံးပျံ့နှံ့သွားမှာကို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံအသီးသီးရဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
အခုအထိ အီဘိုလာကြောင့် သေဆုံးသူ ၄၀၀၀ ကျော်သွားပါပြီ။ သေဆုံးသူတွေထဲမှာ လူနာတွေကို ကူညီပေးတဲ့ ကျန်းမာရေးဝန်ထမ်း ၂၃၃ ယောက်လည်း ပါဝင်ပါတယ်။
အာဖရိက မြေပေါ်မှာသာမက အခုဆိုရင် အမေရိကန် ပြည်ထောင်စု တက္ကဆတ်ပြည်နယ် Dallas သူနာပြုဆရာမ တဦးနဲ့ စပိန်က သူနာပြု ဆရာမတယောက်တို့လည်း ရောဂါကူးစက်ခံထားရပါတယ်။
