မျက်နှာဖုံးစွပ်များ၏နှောင့်ယှက်မှု သတိရှိရန် ဟောင်ကောင်ဆန္ဒပြသူများကြား နှိုးဆော်

1K
ဟောင်ကောင်မှာ ဒီမိုကရေစီတောင်းဆိုတဲ့ ဆန္ဒပြသမားတွေက လမ်းပေါ်မှာ ချထားတဲ့ အတားအဆီးတွေကို ရဲတွေနဲ့ လူမိုက်ဂိုဏ်းဝင်တွေလို့ ယူဆရတဲ့ မျက်နှာဖုံးထားသူတွေက အတင်းဖယ်ရှားတဲ့နောက် ဆန္ဒပြသမားကြားမှာ သတိရှိဖို့ နှို်းဆော်ထားပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့ အစောပိုင်းမှာ ရဲတွေက စင်ထရယ်၊ အတ်မရတ္တီ Admiralty ၊ မောင်းကွတ် နယ်မြေက အတားအဆီးတွေတချို့ကို ဖယ်ရှားခဲ့ပါတယ်။
အဲဒီနောက်မှာ မျက်နှာဖုံးဝတ်ထားတဲ့ လူရာပေါင်းများစွာဟာ တူရွင်းတွေ၊ ကပ်ကြေးတွေနဲ့ ရောက်လာပြီး ဆန္ဒပြသမားတွေက ချထားတဲ့ အတားအဆီးတွေကို ဖျက်ဆီးလို့ ဆန္ဒပြသမားတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
ဆန္ဒပြပွဲဟာ နှစ်ပတ် ကြာနေပြီး အောက်တိုဘာ ၁၃ ရက် ညပိုင်း အစိုးရ ရုံးချုပ်ရှေ့ ဆန္ဒပြပွဲကို လူရာဂဏန်းတချို့ တက်ရောက်ကြပါတယ်။
ပဋိပက္ခဖြစ်နိုင်တဲ့ အခြေအနေမျိုးကို သည်းခံကျော်လွှားနိုင်တဲ့ ဆန္ဒပြသမားတွေကို Occupy Central သပိတ်ခေါင်းဆောင် တယောက်ဖြစ်တဲ့ ချန်ကင်မန်းက ချီးကျူးစကား ဆိုပါတယ်။
အစိုးရရုံးချုပ်နဲ့ မလှမ်းမကမ်းမှာ နေရာမှာ ဆန္ဒပြသမားတွေဟာ သပိတ်စခန်းကို ၀ါးလုံးတွေနဲ့ ကာရံထားကြပါတယ်။
နေ့လယ်ပိုင်းမှာ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ လူတချို့က ဆန္ဒပြသမားတွေ ချထားတဲ့ အတားအဆီးတွေကို ဖျက်ဆီးသွားတဲ့အတွက် အသစ်ပြန်လည် တည်ဆောက်ထားတာလို့ ဆန္ဒပြကျောင်းသားတယောက်က ပြောပြပါတယ်။
နောက်ဆန္ဒပြကျောင်းသားတယောက်ကလည်း လူမိုက်တွေ နောက်တခေါက် ပြန်လာရင် သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်စရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။
မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးအတွက် စင်ထရယ်ကို သိမ်းပိုက် လှုပ်ရှားမှုရဲ့ မူလရည်ရွယ်ချက်က အမိန့်မနာခံမှုနည်းလမ်း civil disobedience ကို သုံးပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲတွေကို ကျင်းပပေးဖို့ တောင်းဆိုဖို့ ဖြစ်ပါတယ်။
ကျောင်းသားတွေက နုတ်ထွက်ပေးဖို့ ဖိအားပေးတာ ခံနေရတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး လျန်ချန်းယင်က ဆန္ဒပြပွဲတွေဟာ ထိန်းသိမ်းမရ ဖြစ်နေတယ်လို့ အောက်တိုဘာ ၁၂ ရက်နေ့က သတိပေးပါတယ်။
ဟောင်ကောင် ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းနဲ့ပတ်သက်လို့ တရုတ်ပြည်မကြီးရဲ့ ဆုံးဖြတ်ချက်ကလည်း ပြောင်းလဲသွားဖို့ အခွင့်အရေး လုံးဝမရှိနိုင်ဘူးလို့လည်း ပြောပါတယ်။
