အစိုးရတပ်များ ရုပ်သိမ်းရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တောင်းဆို
နော်နိုရင်း
·
October 11, 2014
ရှမ်းပြည်နယ် ကျေးသီးမြို့နယ်အတွင်း ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP/SSA တပ်ထိန်းချုပ်နယ်မြေကနေ အစိုးရတပ်တွေ ရုပ်သိမ်းပြီး ဆုတ်ခွာပေးဖို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အောက်တိုဘာ ၁၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
သြဂုတ်လအတွင်း SSPP/SSA မြောက်ပိုင်း ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို သွားရောက်ပြီး နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ ဦးသိန်းစိန်က ကျေးသီးမြို့နယ်အတွင်းက တာ့ဖာဆောင်တံတားကနေ အစိုးရတပ်နဲ့ ရှမ်းတပ်ဖွဲ့ပါ ဆုတ်ခွာကြဖို့ ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် နှစ်ဖက် တပ်တွေ ဆုတ်ခွာဖို့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနဲ့ SSPP/SSA ညှိနှိုင်းရာမှာ တိကျတဲ့ သဘောတူညီချက် မရခဲ့ဘဲ အောက်တိုဘာ ၂ ရက်နေ့ကစပြီး ကျေးသီးမြိုနယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီတိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးခိုလှုံနေကြရပြီး အစိုးရတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသားတွေ သေဆုံးမှုရှိသလို နှိပ်စက်ခံရမှုတွေလည်း ရှိတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ပြောခွင့်ရသူ နန်းခွမ်လိတ်က ဒီဗွီဘီကို ပြောပါတယ်။
“ဒီတိုက်ပွဲ ၃၊ ၄ ရက်အတွင်းမှာ စုစုပေါင်းရွာသား ၄ ယောက်သေတယ်ပေါ့။ ၂ ယောက်က သူတို့ရဲ့ အိမ်ထဲမှာပဲ။ မော်တာကျည် သူတို့အိမ်ပေါ် ကျပြီး ပွဲချင်းပြီး သေတယ်။ နောက်ထပ် ၂ ယောက်ကတော့ သူတို့ မိုင်းရယ်ဈေးကို နွားဝယ်ဖို့ သွားတဲ့ အချိန်မှာ မြန်မာစစ်တပ်နဲ့ တိုးတယ်။ အဲဒီမှာ ပစ်သတ်ခံရတယ်။ သူတို့ ဆိုင်ကယ်ကိုလည်း မီးရှို့တယ်။ နောက်တယောက်ဆိုရင် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်။ ပြီးတော့ တခြား ရိုက်နက် စစ်ဆေးတာတွေ၊ တိုက်ပွဲမဖြစ်ပေမယ့်လည်း အဲဒီနား တ၀ိုက်မှာ ရှိတဲ့ရွာတွေကို မြန်မာစစ်တပ်က ၀င်ဝင်ထွက်ထွက် လုပ်တယ်။ ရိုက်နှက်စစ်ဆေးတာတွေလည်း အခုထိ ရှိနေသေးတယ်။ ပြီးတော့ ဒေသခံ ပြည်သူတွေရဲ့ သွားရေးလာရေးကို ပိတ်ပင်ထားတာ ရှိတယ်။”
ဒါအပြင် လက်ရှိမှာလည်း အစိုးရတပ်တွေ ကျေးသီးမြို့နယ်ဘက်ကို အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်နေသလို ရွာသားတွေရဲ့ သွားလာမှုကို ပိတ်ပင် တားမြစ်ထားတယ်လို့လည်း ပြောပါတယ်။
တပြည်လုံးအပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးမှုတွေ သွားနိုင်ဖို့ လုပ်ဆောင်နေတဲ့အချိန်မှာ တိုက်ပွဲဖြစ်တာဟာ ယုံကြည်မှုကို ပျက်ပြားစေသလို လူထုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံနေရတဲ့အတွက် စစ်ပွဲတွေရပ်ပြီး တပ်တွေ ဆုပ်ခွာပေးဖို့ တောင်းဆိုရတာလို့ ပြောပါတယ်။
“အဓိက ပြည်သူတွေပဲ သေကျေဒဏ်ရာရတယ်။ လူ့အခွင့်အရေးချိုးဖောက်တာတွေနဲ့လည်း ကြုံတွေ့နေရတယ်။ စစ်ပြေးဒုက္ခသည်လည်း ရှိတယ်။ ဒါကြောင့် စစ်ပွဲတွေကို ချက်ချင်းရပ်ဖို့၊ အခုလက်ရှိ အစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး၊ တပြည်လုံးအပစ်ရပ်စဲရေး ချုပ်ဆိုဖို့ ဆွေးနွေးနေတဲ့အချိန်ဖြစ်တော့ အခုလို တိုက်ပွဲတွေဖြစ်တာက ယုံကြည်မှုတွေကို ပျက်ပြားစေတယ်၊ အဟန့်အတားဖြစ်စေနိုင်တဲ့အတွက် ကျမတို့ စိုးရိမ်တယ်။ အဲဒါကြောင့် မြန်မာစစ်တပ်ကို ထိုးစစ်ဆင်နေတာတွေ ချက်ချင်းရပ်ဖို့၊ တပ်တွေဖြည့်တင်းနေတာကိုလည်း မလုပ်ဖို့၊ တပ်တွေ ပြန်ပြီးဆုတ်ခွာဖို့ ကျမတို့ တောင်းဆိုချင်တယ်။”