အမေရိကန်တွင် လူမည်းတဦး ပစ်သတ်ခံရမှုကြောင့် အဓိကရုဏ်းဖြစ်

1K
အမေရိကန် ပြည်ထောင်စု စိန့်လူးဝစ်မြို့မှာ လူမည်းဆယ်ကျော်သက် နောက် ၁ ဦးကို လူဖြူရဲက သေနတ်နဲ့ ပစ်သတ်တာကို မကျေနပ်တဲ့ ဆန္ဒပြနေသူတွေနဲ့ ရဲအဖွဲ့တို့ အဓိကရုဏ်းဖြစ်ကြပါတယ်။
ဆန္ဒပြသမား ၄၀၀ လောက်ဟာ မြို့တောင်ပိုင်းက ဆော ဆိုတဲ့ ရက်ကွက်မှာ စုရုံးပြီး ဒေါသတကြီးနဲ့ ဆန္ဒပြကြတာပါ။
အောက်တိုဘာ ၈ ရက်နေ့က အသက် ၁၈ နှစ်အရွယ် ဗွန်ဒါရတ် မားစ် ဂျူနီယာ သေဆုံးမှုနဲ့ ပတ်သက်လို့ ရက်ဆက်ဆန္ဒပြနေကြတာပါ။
စိန့်လူးဝစ် နယ်မြေမှာ သြဂုတ်လတုန်းက လူမည်း ဆယ်ကျော်သက် မိုက်ကယ်ဘရောင်းကို လူဖြူရဲက ပစ်သတ်ခဲ့တဲ့အပေါ် မကျေမနပ် ဖြစ်နေချိန်မှာ နောက်ထပ် အလားတူ သေဆုံးမှုတခု ပေါ်ပေါက်လာပြန်လို့ ပြဿ နာက ကြီးထွားမှာကို စိုးရိမ်နေပါတယ်။
အောက်တိုဘာ ၈ ရက်နေ့ အဖြစ်အပျက်မှာ လူမည်း ဆယ်ကျော်သက် မားစ်က ရဲကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာကို ရဲက ၁၈ ချက် ပြန်ပစ်တဲ့ အတွက် သေဆုံးခဲ့ တာလို့ ရဲအဖွဲ့က ပြောပါတယ်။
ဒါပေမယ့် မားစ်ရဲ့ ဆွေမျိုးတွေကတော့ သူ့ဆီမှာ သေနတ်မရှိဘူးလို့ ပြောပါတယ်။
ပစ်ခတ်တဲ့ ရဲက အသက် ၃၂ နှစ်အရွယ် ဖြစ်ပြီး ပုဂ္ပလိက လုံခြုံရေး ကုမ္ပဏီတခုမှာ အလုပ်လုပ်တယ်လို့ ရဲအဖွဲ့က ပြောပြီး အမည်ကိုတော့ ထုတ်မပြောပါဘူး။
ဒီအတောအတွင်းမှာ Hands Up United အဖွဲ့ အပါအ၀င် ပြည်သူ့အခွင့်အရေး လှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေက မိုက်ကယ်ဘရောင်းကို သေနတ်နဲ့ပစ်တဲ့ ရဲအရာရှိကို ဖမ်းဆီးဖို့ တောင်းဆိုတဲ့အနေနဲ့ရော၊ လူမည်းတွေ အနှိမ်ခံနေရတာကို မီးမောင်းထိုးပြတဲ့အနေနဲ့ပါ စိန့်လူးဝစ်မြို့နဲ့ ဖာဂူဆန် ဆင်ခြေဖုံးမှာ တပြိုင်တည်း ဆန္ဒပြဖို့ ပြင်ဆင်နေပြီး လူ ၆ ထောင် အနည်းဆုံး ပါဝင်မယ်လို့ စည်းရုံးနေသူတွေက ပြောပါတယ်။
ဆန္ဒပြသမားတွေ ကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြမယ် လို့ ပြောပေ မယ့် တိုက်တိုက်ဆိုင်ဆိုင် လူမည်းဆယ်ကျော် သက် ၂ ယောက် ဆက်တိုက်သေဆုံး ခဲ့တဲ့ အဖြစ်အပျက်ကြောင့် အခြေအနေတွေ ထိန်းမနိုင်သိမ်း မရ ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။



