ယီမင်နိုင်ငံ ဆာနာမြို့တော်တွင် အသေခံဗုံးခွဲမှုကြောင့် သေဆုံးသူ ၄၂ ဦးထိ ရှိပြီ

1K
ယီမင်နိုင်ငံ ဆာနာမြို့တော်မှာ ရှီယားမွတ်စလင် ဟူတီမျိုးနွယ်စုတွေကို ပစ်မှတ် ထားတဲ့ အသေခံဗုံးခွဲမှု ဖြစ်ခဲ့ပြီး သေဆုံးသူ ၄၂ ဦးထိရှိလာပြီလို့ ဆေးရုံသတင်းရင်းမြစ် တွေက ဆိုပါတယ်။
အများအပြားလည်း ဒဏ်ရာပြင်းထန်ကြတာကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာဖို့ ရှိပါတယ်။
ဟူတီမျိုးနွယ်စုတွေ ဆန္ဒပြပွဲတခုအတွက် ပြင်ဆင်နေတဲ့နေရာမှာ အခုလို အသေခံဗုံးခွဲခဲ့တာ ဖြစ်ပြီး လောလောဆယ်တော့ တာဝန်ခံသူ မရှိသေးပါဘူး။
ဟူတီတွေဟာ စက်တင်ဘာ ၂၁ ရက်နေ့ကစပြီး ဆာနာမြို့တော်ကို သိမ်းပိုက် ထားကြပြီး ယီမင်လူမျိုးစုတွေအားလုံးကို ကိုယ်စားပြုတဲ့အစိုးရ ဖွဲ့စည်းပေးဖို့ တောင်းဆိုနေကြပါတယ်။
ယီမင်သမ္မတ ဟာဒီ (Hadi)က ၀န်ကြီးချုပ်သစ်တဦး အောက်တိုဘာ ၇ ရက်နေ့က အဆိုပြုတင်သွင်းခဲ့ပေမယ့် ဟူတီခေါင်းဆောင်တွေက ဒေါသတကြီး ကန့်ကွက်ခဲ့ကြပါတယ်။
ဝန်ကြီးချုပ်သစ်အဖြစ် အဆိုပြုခံရတဲ့ အာမက် အ၀တ် ဘင် မူဘာရတ် (Ahmed Awad bin Mubarak) ကလည်း ရာထူးကို ငြင်းပယ်ခဲ့ပါတယ်။
အခုလို ယီမင်နိုင်ငံရေး မတည်မငြိမ်ဖြစ်နေရင် အာရေးဘီယားကျွန်းဆွယ်မှာ အယ်ကိုင်ဒါအဖွဲ့ ပြန်ခေါင်းထောင်လာမှာကို အနောက်နဲ့ အာရပ်နိုင်ငံတွေက စိုးရိမ် နေကြပါတယ်။
ယီမင်နိုင်ငံဟာ ၂၀၁၂ က အာဏာရှင်စနစ်ကို ဖြုတ်ချခဲ့ပြီး သမ္မတ ဟာဒီ ဦးဆောင်မှုနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ နိုင်ငံတနိုင် ဖြစ်ပါတယ်။
