မြို့မတီးဝိုင်း တေးရေး၊ တေးဆို တဦး ကွယ်လွန်
DVB
·
October 6, 2014
မန္တလေးမြို့ မြို့မတူရိယာအဖွဲ့မှာ နှစ် ၂၀ ပါဝင်ခဲ့တဲ့ တေးရေး၊ တေးဆို ဆရာလွင်ဦးဟာ နေပြည်တော်မှာ အောက်တိုဘာ ၅ ရက် ညနေ ၃ နာရီမှာ ကွယ်လွန်ခဲ့ပါတယ်။
စက်တင်ဘာ ၃၀ရက်နေ့က နေပြည်တော်ကို အလုပ်နဲ့ သွားရာမှာ ဆိုင်ကယ်နဲ့ ကားတိုက်မှု ဖြစ်ပြီး နေပြည်တော် ကုတင် ၅၀၀ ဆံ့ ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပါတယ်။
ဆရာလွင်ဦးဟာ မြို့မတီးဝိုင်းမှာ သီချင်းရေး သီချင်းဆိုရင်း တွဲဖက်အတွင်းရေးမှူး ရာထူးကို ထမ်းဆောင်ခဲ့ပါတယ်။
သူရေးစပ်ခဲ့တဲ့ သီချင်းတွေမှာ ရတနာပုံအက်ဖ်စီ ဂုဏ်ပြုတေး၊ ကထိန်ပွဲ နွှဲရအောင်၊ သာစွ မန်းမြေ သီချင်းတွေက ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။
သူကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ်ရှိပြီး ဇန်ီးနဲ့ သမီးတယောက်ကျန်ခဲ့ပါတယ်။ သူဟာ သပိတ်ကျင်းငလျင် စတဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။