ဂရိအစိုးရ၏ ချွေတာရေးအစီအစဉ်ကို အလုပ်သမားများ ကန့်ကွက်ဆန္ဒပြ

928
ဂရိနိုင်ငံမှာ အစိုးရရဲ့ ချွေတာရေး အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ အလုပ်သမား ထောင်နဲ့ ချီပြီး အောက်တိုဘာလ ၄ ရက်နေ့က ဆန္ဒပြကြပါတယ်။
အစိုးရက ၂၀၁၅ ဘက်ဂျက်ကို လွှတ်တော်ကို တင်ပြဖို့ ပြင်ဆင်နေချိန်မှာ အလုပ်သမားတွေက အစိုးရရဲ့ စီးပွားရေးပေါ်လစီကို ပြောင်းလဲဖို့ တောင်းဆိုကြတာပါ။ အစိုးရရဲ့ ချွေတာရေး အစီအစဉ်အတိုင်းဆိုရင် သူတို့ ဘ၀တွေ ဒုက္ခရောက်လိမ့်မယ်လို့ ဆိုကြပါတယ်။
အငြိမ်းစား ဆရာမ အန်ဒရီယန်နာ အန်ဒရီယိုပိုလူက အစိုးရရဲ့ အစီအစဉ်အတိုင်းဆိုရင် သူရတဲ့ ပင်စင်ငွေထဲက ဖြတ်တောက်ခံရမှာ ဖြစ်လို့ ကန့်ကွက်ရတာလို့ ပြောပါတယ်။ နောက်ထပ် ပင်စင်စားတဦးဖြစ်တဲ့ ယန်နစ် ဆော့ကက်စ်ကလည်း ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ တခုတည်းသော နည်းလမ်းက အလုပ်လက်မဲ့တွေအားလုံး လမ်းပေါ်ထွက် ဆန္ဒပြပြီး အလုပ်အကိုင်ရရေးအတွက် တိုက်ပွဲဝင်ရမယ်လို့ ပြောပါတယ်။
ချွေတာရေး အစီအစဉ်ကို ပြင်ဆင်ပေးဖို့အပြင် အလုပ်သမားအခွင့်အရေးကို ထိခိုက်တဲ့ ဥပဒေတွေကိုလည်း ဖျက်သိမ်းပေးဖို့ ဆန္ဒပြသမားတွေက တောင်းဆိုနေကြပါတယ်။
ဂရိမှာ ၆ နှစ်ကြာ စီးပွားရေး ပျက်ကပ်ကြောင့် နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရလို့ အစိုးရက စီးပွားရေးနလံထဖို့ ရုန်းကန်နေရပါတယ်။
