အီဘိုလာရောဂါ ထိန်းချုပ်ရေး ကျွမ်းကျင်သူများက နိုင်ငံတကာအကူအညီ တိုးမြှင့်ရန် ဆော်သြ

လန်ဒန်မှာ ကျင်းပတဲ့ အီဘိုလာရောဂါ ထိန်းချုပ်ရေး အစည်းအဝေးမှာ ကျွမ်းကျင်သူတွေက နိုင်ငံတကာအကူအညီတွေကို တိုးမြှင့်ဖို့ ဆော်သြလိုက်ပါတယ်။ ရောဂါ ကူးစက်ခံနေရတဲ့ အနောက် အာဖရိက နိုင်ငံတွေမှာ ရောဂါကူးစက်မှုတွေ ဆက်တိုးနေတဲ့အခြေအနေမှာ နိုင်ငံတကာ အကူအညီတွေလည်း တိုးပြီး လိုအပ်နေတယ်လို့ ပြောပါတယ်။ Ebolaအစည်းအဝေးမှာ တင်ပြတဲ့ အချက်အလက်တွေအရ တချို့ နိုင်ငံတွေမှာ အီဘိုလာ ရောဂါကူးစက်သူ ဦးရေဟာ ရက်ပိုင်းနှစ်ဆယ်ကြာတိုင်း နှစ်ဆနီးပါးတိုးနေတယ်လို့ ဆိုပါတယ်။ အဆိုးဆုံးကတော့ ဆီရာလီယွန်း နိုင်ငံဖြစ်ပြီး အရင်တပတ်လုံးမှာ တနာရီ ကြာတိုင်း လူငါးယောက် ကူးစက်ခံနေရတယ်လို့ ဆိုပါတယ်။ ဆီရာလီယွန်းမှာ အခြေစိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုအေဂျင်စီရဲ့ စီးပွားရေး ပညာရှင် ဗွန်နီ အာကီ ဆွေယားက ဆီရာလီယွန်း အပါအ၀င် အနောက် အာဖရိက နိုင်ငံတွေဟာ အီဘိုလာ ရောဂါကပ်ဘေးနဲ့ ကြုံရပြီးနောက် အဆက်အသွယ် ဖြတ်တောက်ခံထားရသလို ဖြစ်ပြီး နိုင်ငံတကာ အကူအညီနဲ့ ရောဂါ ထိပ်ချုပ်ရေး ဆောင်ရွက်နိုင်ဖို့အတွက် မဖြစ်နိုင်တဲ့ အခြေအနေမျိုးပဲလို့ ထောက်ပြပါတယ်။ ဆီရာလီယွန်းမှာ မေလ ၂၅ ရက်နေ့ပထမဆုံး လူနာကို အတည်ပြုနိုင်ခဲ့ပြီး စင်တင်ဘာလ ၂၆ ရက်နေ့အထိ အီဘိုလာ ရောဂါသည် ၁၉၄၀ ဦး ရှိတယ်လို့ ဆိုပါတယ်။ နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့ကလည်း ဆေးဝါးတွေ၊ ဆေးဝန်ထမ်းတွေက ကူညီနိုင်တဲ့ အတိုင်းအတာဟာ အမှန်တကယ်လိုအပ်ချက်ကိုမ ပြည့်မှီဘူးလို့ ဆိုပါတယ်။ အနောက် အာဖရိကကို အဆက်အသွယ် ဖြတ်တောင်ထားလို့ မရပါဘူး၊ အကူအညီတွေ ပေးမှပဲ ရောဂါကို ထန်းချုပ်နိုင်မယ်။ ရောဂါကပ်ဘေးနဲ့ ကြုံနေရတဲ့ နိုင်ငံတွေကို အဆက်အသွယ် ဖြတ်တောက်ထားရုံနဲ့ ရောဂါကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ နယ်ခြားမဲ့ဆရာဝန်များအဖွဲ့က ညွန်ကြားရေးမှူးချုပ် ဗစ်ကီ ဟော့ကင်းစ်ကလည်း ပြောပါတယ်။ ဗြိတိသျ အစိုးရကလည်း အီိဘိုလာ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ပေါင် ၁၂၅ သန်းကို ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ထားပြီး ဒီငွေတွေကို ကုတင် ၇၀၀ ဆန့် စစ်ဆေးရုံ တည်ဆောက်ဖို့နဲ့ ရောဂါ ကပ်ဘေးနဲ့ ကြုံနေရတဲ့ နိုင်ငံတွေမှာ ဆေးဝန်ထမ်းတွေကို သင်တန်းပေးဖို့ ကိစ္စတွေ ပါဝင်ပါတယ်။ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ကလည်း ရောဂါကပ်ဘေးနဲ့ ကြုံနေရတဲ့ အနောက်အာဖရိက နိုင်ငံတွေဆီကို အမေရိကန် တပ်သား ၄၀၀၀ လောက်အထိ စေလွှတ်ဖို့ ရှိတယ်လို့ သောကြာနေ့မှာ ပြောပါတယ်၊ ရောဂါကူးစက်မှုကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်ရင် လာမယ့် ဇန်န၀ါရီလလောက်ကျရင် ရောဂါကူးစက်ခံရသူ ၅ သိန်း ၅ သောင်းကနေ ၁ သန်း ၄ သိန်း အထိ ရှိနိုင်တယ်လို့ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ခန့်မှန်းထားပါတယ်။ အခုအထိ အနောက်အာဖရိက နိုင်ငံတွေမှာ ရောဂါကူးစက်ခံရသူ ၇၀၀၀ ကျော်ရှိပြီးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ပြောခွင့်ရသူက အောက်တိုဘာလ ၃ ရက်နေ့က ကြေညာခဲ့ပါတယ်။

More News
Up