ဟောင်ကောင်ရှေ့နေများ ဒီမိုကရေစီတောင်းဆိုမှုကို ထောက်ခံဆန္ဒပြ

ဟောင်ကောင်မှာ ဒီမိုကရေစီတောင်းဆိုတဲ့ ဆန္ဒပြသမားတွေနဲ့ တသားတည်းရှိတာကို ပြသတဲ့အနေနဲ့ ဟောင်ကောင်ရှေ့နေများ အဖွဲ့ဝင် ၃၀၀ ကျော်ဟာ အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းမှာ ဖယောင်တိုင်မီးထွန်းပြီး ဆန္ဒပြကြပါတယ်။ စက်တင်ဘာ ၂၈ ရက်နေ့က ရဲတွေက ဆန္ဒပြသမားတွေကို ငရုတ်ကာင်းရည်တွေနဲ့ပက်၊ မျက်ရည်ယိုဗုံးတွေသုံးပြီး ဖြိုခွင်းခဲ့တဲ့ အချိန်ကစလို့ လူထုထောက်ခံမှုက ပိုရလာတာဖြစ်ပါတယ်။ အခု ဆန္ဒပြပွဲဟာ ဗြိတိသျှတွေက ဟောင်ကောင်ကို တရုတ်ပြည်လက်ထဲ ပြန်လွှဲပေးခဲ့တဲ့ ၁၉၉၇ ခုနှစ် နောက်ပိုင်း လူအင်အား အများဆုံး အကျယ်ပြန့်ဆုံး ဆန္ဒပြပွဲဖြစ်ပါတယ်။ indexရှေ့နေတွေကလည်း ဆန္ဒပြသမားတွေနဲ့ အတူရပ်တည်ပြီး ရဲအဖွဲ့ရဲ့ လုပ်ရပ်တွေကို ကန့်ကွက်တယ်လို့ ပြောပါတယ်။ ရဲက လက်နက်မပါတဲ့ ဆန္ဒပြသမားတွေကို အင်အားအလွန်အကျွံသုံးတာကို လက်ခံနိုင်စရာ မရှိဘူးလို့ ရှေ့နေ လီဇာ လော့ခ်ကီက ပြောပါတယ်။ ဗြိတိသျှတွေက ဟောင်ကောင်ကို တရုတ်ပြည်ထံ ပြန်လွှဲပေးခဲ့တဲ့ အချိန်က တနိုင်ငံ စနစ်နှစ်မျိုး မူဝါဒ အခြေခံနဲ့ ဟောင်ကောင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပုံစံ အတိုင်းအတာတခုအထိ ပေးအပ်ထားသလို၊ တရုတ်ပြည်မကြီးမှာ မရတဲ့ လွတ်လပ်မှုတွေကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။ အရွယ်ရောက်သူတိုင်း မဲပေးခွင့် အထိ နောက်ဆုံး ရည်မှန်းချက် ထားခဲ့ပါတယ်။ ဒါပေမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာတော့ တရုတ်ပြည်မကြီးက ဥပဒေတရပ်ကို ပြဋ္ဌာန်းခဲ့ပြီး အဲဒီ ဥပဒေအရ ၂၀၁၇ ခုနှစ် ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို ရွေးချယ်တဲ့အခါမှာ တရုတ်ပြည်မကြီးက စိတ်ကြိုက် ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်လောင်း ၂ ယောက်၊ ဒါမှမဟုတ် ၃ ယောက်ထဲက တယောက်ကို ဟောင်ကောင်ပြည်သူတွေက မဲပေး ရွေးချယ်ရမယ်လို့ ဆိုထားတာကောင့် ဒီမိုကရေစီလိုလားသူတွေ လမ်းပေါ်ထွက်ဖို့ ဖြစ်လာတာပါ။ ရှေ့နေ ကယ်ဗင် ရင်းမ်က လမ်းပေါ်ထွက် ဆန္ဒပြတာဟာ မှန်ကန်တယ်လို့ ပြောပါတယ်။ ဒီဆန္ဒပြပွဲမှာ ကျောင်းသားတွေ၊ စင်ထရယ်ကို သိမ်း လှုပ်ရှားမှုအဖွဲ့က တက်ကြွလှုပ်ရှားသူတွေနဲ့ သာမန် ပြည်သူတွေ ပါဝင်နေပါတယ်။ စက်တင်ဘာ ၂၈ ရက်နေ့က ရဲတွေက ငရုတ်ကောင်းရည်တွေနဲ့ ပက်တဲ့အချိန်က ဆန္ဒပြသမားတွေက ထီးနဲ့ ကာခဲ့တာကို နိမိတ်ပုံယူပြီး "Umbrella Revolution" ထီးတော်လှန်ရေးလို့လည်း ခေါ်နေကြပါပြီ။ အခုဆန္ဒပြပွဲဟာ တရုတ်ပြည်မကြီးမှာ ၁၉၈၉ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ တီယန်နန်မင် ရင်ပြင် ဆန္ဒပြပွဲနောက်ပိုင်း တရုတ်ကွန်မြူနစ်အစိုးရကို အကြီးမားဆုံး နိုင်ငံရေးစိန်ခေါ်မှု ဖြစ်ပါတယ်။

More News
Up