Home
မြန်မာသတင်း
ယူနတီသတင်းသမားများကို ပြစ်ဒဏ် ၃ နှစ်စီ လျှော့ချ
ရွှေအောင်
·
October 2, 2014
မကွေးတိုင်းတရားရုံးက ယူနတီသတင်းသမား ၅ ယောက်ကို ပြစ်ဒဏ် ၃ နှစ်စီ လျော့ချပေးလိုက်ပါတယ်။ အောက်တိုဘာ ၂ ရက်မှာ မကွေးတိုင်းတရားရုံးက ပြစ်ဒဏ်လျော့ချပေးလိုက်တာလို့ အကျဉ်းကျနေတဲ့ ယူနတီသတင်းသမား ဦးလူမော်နိုင်ဇနီး မလွင်လွင်မြင့်က ပြောပါတယ်။ “ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ မကွေးတိုင်း တရားလွှတ်တော်က သုံးနှစ်စီ လျှော့လိုက်တာပါ။ သိပ်မကြာခင်မှာပဲ ကျမတို့ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ကွင်းလုံးကျွတ် မလွတ်မချင်း အယူခံဆက်ပြီး တက်သွားမှာပါ။ ကွင်းလုံးကျွတ်လွှတ်မယ်လို့ပဲ ကျမတို့ မျှော်လင့်ထားတယ်။ အခု သုံးနှစ်လျှော့တဲ့အပေါ်မှာ မတရားသေးဘူးလို့ပဲ ကျမမြင်တယ်။ ဒီတိုင်းတရားသူကြီးကလည်း မထူးပါဘူး၊ အထက်အုပ်ချုပ်ရေး မဏ္ဍိုင်ရဲ့ လွှမ်းမိုးမှုကို ခံနေရတုန်းပဲလို့ ကျမမြင်တယ်။” ယူနတီသတင်းဂျာနယ်အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း အပါအ၀င် သတင်းသမား ၅ ယောက်ကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားတဲ့ ပုဒ်မ ၃(၁) (က)/၉ နဲ့ ပခုက္ကူတရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်ထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က မကွေးတိုင်းတရားရုံးမှာ အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။ အယူခံဝင်ပြီး ၁ လကျော်အကြာမှာ အခုလို ထောင်ဒဏ် ၃ နှစ် လျော့ချပေးခဲ့တာ ဖြစ်ပါတယ်။ ယူနတီသတင်းသမားတွေအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရန်ကုန်က တရားလွှတ်တော်ရှေနေ ဦးရောဘတ်ဆန်းအောင်က လုံးလုံးလျားလျား လျော့ပေးသင့်တယ်လို့ ပြောပါတယ်။ “လုံးလုံးလျားလျားကို လျှော့ပေးရမယ့်ကိစ္စ၊ သမ္မတကြီးကိုယ်တိုင်က ထိခိုက်နစ်နာမှု မရှိစေရဘူးလို့ ပြောထားတာ။ ဘာဖြစ်လို့ ၇ နှစ်ချန်လဲ။ ၇ နှစ်ချန်တယ်ဆိုကတည်းက ထိခိုက်နစ်နာသလား၊ မနစ်နာဘူးလားဆိုတာ အလွယ်တကူ သိနိုင်တဲ့ကိစ္စပါ။ ဒါက ၇ နှစ်ဆိုတော့ ဘယ်လောက်ကြီးမားတဲ့ ပြစ်ဒဏ်ကို ကျူးလွန်လို့လဲ။ ဒီအပေါ်မှာ ကျနော်တို့က ပြန်ပြီးတော့ ကြည့်ရင် ဘာမှမဖြစ်သင့်တဲ့ကိစ္စကို ၇ နှစ်ဆိုတော့ သမ္မတကြီးပြောတာနဲ့ တခြားစီဖြစ်နေတယ်။” နေပြည်တော် တရားလွှတ်တော်ချုပ်ကို ပြစ်မှုဆိုင်ရာပြင်ဆင်မှု တင်သွင်းဖို့ စတင်လုပ်ဆောင်နေပြီလို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၅ ရက်နေ့ထုတ် ယူနတီသတင်းဂျာနယ်မှာ မကွေးခရိုင် ပေါက်မြို့နယ်က လျို့ဝှက်ဓါတုလက်နက် စက်ရုံလို့ ခေါင်းစီးတပ်ထားတဲ့ ဆောင်းပါးနဲ့ ဆက်နွယ်ပြီး ဂျာနယ်က အမှုဆောင်အရာရှိနဲ့ သတင်းထောက် ၄ ယောက်ကို ဖမ်းဆီးတရားစွဲဆို ထောင်ချခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024